ဒီးမော့ဆို ၊ မေ ၂၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး ပမာဏအများအပြား သယ်ဆောင်လာ မည်ဖြစ်ကြောင်းသတင်းအရ မေ ၂၀ ရက်၊ ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအနီး၌ စောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမှ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ဘက် သို့ အောင်အောင်မောင်းနှင်ပြီး စိုင်းစံထွန်း (ခ)စိုင်းပီး၊ စိုင်းမွန်ခမ်း(ခ) အကြောင်း၊ စိုင်းကိုခမ်း၊ စိုင်းခမ်းနောင်၊ ဝေဖြိုးအောင်တို့ လိုက်ပါလာသည့် Toyota Hiace အားရှာဖွေရာ တန်ဖိုး ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံ တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်း သိမ်းဆည်းရမိခဲ့ပါသည်။
ယင်းတို့အားစစ်ဆေး ပေါ်ပေါက် ချက်အရ သိမ်းဆည်းရမိသောစိတ်ကြွ ရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) နန့်စန်မြို့နယ် ဝမ်ဟင်း ကျေးရွာမှ မန္တလေးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
ဆွေဦး