ရန်ကုန် မေ ၂၀
မေ ၁၈ ရက်၊ ည ၁၂ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအတွင်းရှိ စာရွက်စာတမ်းများ၊ ပလတ်စတစ်ထိုင်ခုံ များ၊ လျှပ်စစ်မီးကြိုးများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ရသည့် အကြောင်း အရင်းအား စုံစမ်းခဲ့ရာ မသမာသူလူတစ်စုမှ အဆိုပါရုံးရှေ့ရှိ ပြတင်းတံခါးမှန်အား ရိုက်ခွဲကာ ရုံးအတွင်းဝင်ရောက်၍ ဓာတ်ဆီလောင်းမီးရှို့ခဲ့သည်။
အလားတူ မေ ၁၈ ရက်၊ နံနက် ၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျောက်ဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း ဝင်းအတွင်းရှိ အလျား ၃၀ ပေ၊ အနံ ၁၆ ပေ၊ အမြင့် ၈ ပေ ခန့်ရှိ ထရံကာ၊ သွပ်မိုး မြေစိုက် တစ်ထပ်ကျောင်းဆောင်အား မသမာသူအကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင်၏ အရှေ့ဘက်ခြမ်းတွင် ကာရံ ထားသော ထရံ ၈ ပေခန့်၊ ၃ x ၂ သစ်သားချောင်း ၄ ချောင်း၊ သစ်သားတိုင်တစ်လုံး တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ ည ၈ နာရီခွဲအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ လေးလုမ်း ရပ်ကွက်ရှိ မြို့ဝင်ထွက် စစ်ဆေးရေးဂိတ်ရှိ ယာယီရွက်ဖျင်တဲ ၂ လုံးအား လက်နက်ကိုင်အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးမှုကြောင့် ရွက်ဖျင်တဲ ၂ လုံး နှင့် သစ်သားခုတင် ၉ လုံးတို့မှာ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ဆွေဦး