နေပြည်တော် မေ ၁၈
နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ငွေကျပ်သိန်း၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ပင်လောင်းမြို့နယ် ပင်လောင်း-တပ်ကုန်းသွားကားလမ်း လိန်းလီ ကြိုးတံတားပူးပေါင်းစစ်ဆေးရေးစခန်း၌ ပင်လောင်းမှ လိန်းလီသို့ စိုင်းထွန်းမောင်းနှင်ပြီး ခွန်လှသိန်းလိုက်ပါလာသည့် PROBOX ယာဉ်အားရှာဖွေရာ ယာဉ်၏ကိုယ်ထည်အတွင်း၌ မူးယစ်ဆေးဝါး များထည့်သွင်းသယ်ဆောင်လာကြောင်း မသင်္ကာဖွယ်တွေ့ရှိရ သဖြင့် အဆိုပါယာဉ်နှင့် ဆက်စပ်ပတ်သက်သူများကို အချိန် နှင့် တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တပ်ကုန်း မြို့နယ် ကင်းသာကျေးရွာအနီး၌ ခွန်ညွန့်မောင် (ခ) စိုးမောင်အား HIJET ယာဉ်နှင့် လည်းကောင်း၊ ညနေ ၆ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း ရေဆင်းမီးပွိုင့်အနီး၌ မူးယစ်ဆေးဝါးများ လက်ခံမည့်သူများဖြစ် သည့် ဇင်သူကျော်(ခ)ကိုမြင့်နှင့် နေလင်းထွန်း (ခ) ရခိုင်ကြီးတို့ကို ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ထိန်းသိမ်းရှာဖွေရာ PROBOX ယာဉ်အတွင်းမှ မူးယစ်ဆေးဝါးများ စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ အိုက်စ် ၁၉ ကီလို၊ ကက်တမင်း ၁၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၆၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော မူးယစ် ဆေးဝါးများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်မှ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဆွေဦး