နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး

ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေး လာသည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီဥတုဖြစ်စဉ်များ ပြောင်းလဲလာသည်။ ရာသီဥတုဖြစ်စဉ် ပြောင်းလဲမှုကြီးသည် ကမ္ဘာတစ်ခွင်တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ် နေသည်ကို အချိန်နှင့်တပြေးညီ တွေ့မြင်နေရသည်။ ကမ္ဘာ့နိုင်ငံ များသည် ကမ္ဘာကြီးပူနွေးလာမှု ရာသီဥတုပြောင်းလဲဖောက်ပြန်မှု တို့၏ ဆိုးကျိုးသက်ရောက်မှုများကို တွေ့ကြုံခံစားနေရပြီဖြစ်သည်။

လူသားအားလုံးရှင်သန်ရပ်တည်နိုင်ရေးအတွက် ရာသီဥတု မျှတခြင်းသည် အဓိကအချက်ဖြစ်နေသည်ကို အားလုံးသိရှိပြီး ဖြစ်သည်။ သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက် မပြတ် တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ သဘာဝဘေးကြောင့် လူတို့၏ အသက် အိုးအိမ်စည်းစိမ် ပစ္စည်းဥစ္စာများ၊ စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးအစရှိသည်တို့မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုမှာ ပိုမို ကြုံတွေ့လာရသည်။
ယခုကာလသည် ဘင်္ဂလားပင်လယ်အော်၏ မုန်တိုင်းရာသီ အစဖြစ်သည်။
အပူချိန်မြင့်မားသည့်ကာလဖြစ်ပြီး မိုးကြိုကာလ၏ မိုးလေဝသအခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် မုန်တိုင်းအန္တရာယ်ကို သတိပြုရမည့်ကာလဖြစ်သည်။

သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးတို့သည် မိမိတို့တစ်ချိန်မဟုတ် တစ်ချိန် တွင် ကြုံတွေ့ခံစားကြရမည်သာဖြစ်ပြီး ရှောင်လွှဲ၍မရသည့် သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် စွမ်းဆောင်ရပေမည်။ မြန်မာနိုင်ငံတွင် သဘာဝ‌ဘေးဒဏ်များအနက် ၂၀၀၈ ခုနှစ်၊  မေ ၃ ရက်တွင် ကြုံတွေ့ခဲ့ရသည့် နာဂစ်မုန်တိုင်းကြီးသည် မေလဆန်း တွင်ဖြစ်ပေါ်ခဲ့ရာ သတိပြုရမည့်အခြေအနေဖြစ်သည်။

သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့် ဆူနာမီ ရေလှိုင်းတို့ကဲ့သို့ သဘာဝဘေးများကို ကြိုတင်ခန့်မှန်းတွက်ချက် နိုင်ပြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနအနေဖြင့် ထူးခြားသည့် မိုးလေဝသအခြေအနေများကို ထုတ်ပြန်ပေးလျက်ရှိရာ သတိပြု ရန် လိုအပ်သည်။  မုန်တိုင်းမလာမီ၊  မုန်တိုင်းတိုက်ခတ်စဉ် နှင့် မုန်တိုင်းတိုက်ခတ်ပြီး အချိန်များတွင် ဆောင်ရွက်ရမည့်                    မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း အစီအစဉ်များ ဆောင်ရွက်ထားသင့်သည်။

မိမိတို့နေထိုင်ရာဒေသများအလိုက်  ကြုံတွေ့ရလေ့ရှိ သော  သဘာဝဘေးမဖြစ်ပေါ်လာမီ   ကြိုတင်မျှော်တွေး၊ ရှောင်တိမ်းနိုင်ရေး ရှင်သန်ရေး၊ လွတ်မြောက်နိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းသည်သာ အကောင်းဆုံးဟု ဆိုချင်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ