နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခွာနာ၊ လျှာနာရောဂါသတိပြု

လူသားတို့၏ နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်များအနက် နေ့စဉ် အဓိကလိုအပ်ချက်မှာ စားရေရိက္ခာလိုအပ်ချက်ဖြစ်သည်။ နေ့စဉ် တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံရေးမှာ အလွန်အရေးကြီးသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ ခန့်သော ပြည်သူ၊ ပြည်သားများ စားနပ်ရိက္ခာပြည့်စုံစွာ စားသုံးနိုင်ရေး ထုတ်လုပ်ပေးနေသည်မှာ တောင်သူလယ်သမား ဦးကြီးများပင် ဖြစ်သည်။

တောင်သူလယ်သမားဦးကြီးတို့နှင့်တွဲဖက်၍  ရုန်းကန် လုပ်ဆောင်ရသော လယ်ယာမြေလုပ်ငန်းများတွင် ကျွဲ၊ နွားများ နှင့် စွမ်းဆောင်ရသော ကျွဲ၊ နွားများ၏ စွမ်းဆောင်ချက်များ ကလည်း အရေးပါလှသည်။ ခွာနာ၊ လျှာနာ ရောဂါသည် ခွာကွဲ တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားသည်။ ယခုကဲ့သို့ ရာသီအကူးအပြောင်းနှင့် စိုစွတ်သောကာလများတွင် ဖြစ်ပွားလေ့ရှိသည်။
ကူးစက်မှုမြန်ပြီး တိရစ္ဆာန်ငယ်များတွင် သေဆုံးသည်အထိ ပြင်းထန်ခြင်း၊ ခိုင်းကျွဲ၊ ခိုင်းနွားများလုပ်ငန်းခွင် မဝင်နိုင်ခြင်း၊ ရောဂါပျောက်ကင်းသော်လည်း အမောမလုံခြင်း၊ တိရစ္ဆာန်အမများ တွင် သားလျှောခြင်း၊ နို့ထွက်နှုန်းလျော့ကျခြင်း၊ သားမအောင်ခြင်း၊ မြုံခြင်းများဖြစ်စေသည့်အတွက် ရောဂါကာကွယ်ရေး၊ ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။

မြန်မာနိုင်ငံတွင် မွေးမြူထားသော တိရစ္ဆာန်များအနက် ကျွဲ၊ နွားတွင် အဖြစ်အများဆုံးသော ရောဂါဖြစ်၏။ ဤရောဂါပိုးသည် ရာသီမရွေး ရောဂါပိုးကူးစက်ရန်အခြေအနေပေးပြီး အချိန်တိုင်း တွင် ကူးစက်ဖြစ်ပွားတတ်သည်။ ပူပြင်းခြောက်သွေ့သော နွေရာသီ ရောဂါပိုးကူးစက်ဖြစ်ပွားလာပါက တိရစ္ဆာန်တွင် ရောဂါ ဒဏ်ခံစားရမှုနှင့် ကူးစက်ဖြစ်ပွားမှုနည်းပါးပြီး ပျောက်ကင်းမှု မြန်ဆန်သည်။ စွတ်စိုထိုင်းမှိုင်းသော မိုးတွင်းရာသီတွင် ဖြစ်ပွား လာပါက ရောဂါ၏ပြင်းအားကိုလိုက်ပြီး တိရစ္ဆာန်တွင် ရောဂါဒဏ် ကို ပြင်းထန်စွာခံစားရသည်။ ပျောက်ကင်းရန် ကြာရှည်တတ် သည်။
ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများရှိ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များကို  ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေး အညွှန်းအတိုင်း  ထိုးနှံပေးရန်၊  ရောဂါဖြစ်တိရစ္ဆာန်ကို သီးခြား ချည်နှောင်ထားခြင်း၊  မွေးမြူရေးခြံ၏  ဇီဝလုံခြုံရေး ကို အထူးဂရုပြု မြှင့်တင်ရာတွင်  ရောဂါဖြစ်တိရစ္ဆာန်၏ အညစ်အကြေးများ၊ ခြံနှင့်ခြံပတ်ဝန်းကျင်ကို မွေးမြူရေးခြံသုံး ပိုးသတ်ဆေးဖြန်းပြီး တိရစ္ဆာန်၊ လူ၊ ယာဉ် ဖြတ်သန်းသွားလာမှု ကို ထိန်းချုပ်ရန်၊ ရောဂါဖြစ်တိရစ္ဆာန်အား ကျွေးမွေးပြုစုခြင်း ကို လူတစ်ဦးတည်းက ဆောင်ရွက်ပြီး လက်၊ ခြေထောက်၊ အဝတ်အစားနှင့် ဖိနပ်တို့ကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ရန်၊ ရောဂါဖြစ်ပွားသော တိရစ္ဆာန်များတွေ့ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်များသို့ ဆောလျင်စွာ သတင်းပေးပို့၍ ပူးပေါင်းဆောင်ရွက်သင့်သည်။ လယ်ယာ ကုန်ထုတ်လုပ်မှုအတွက် မြှင့်တင်အားထုတ်ကြိုးပမ်းစေသည့် ကျွဲ၊  နွားများတွင် ဖြစ်တတ်သောရောဂါ ခွာနာ၊ လျှာနာရောဂါ ကို ကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာဆောင်ရွက်စေချင် ကြောင်း။      ။






အခြားဆက်စပ်သတင်းများ