နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေထွက်ကုန်ပစ္စည်းများ၏ ကုန်စည်စီးဆင်းမှုပြတ်တောက်မှုဖြစ်နိုင်ခြေမရှိသကဲ့သို့ ကုန်ပစ္စည်း ပြတ်လပ်မှုများလည်းဖြစ်နိုင်ခြေမရှိ

ရန်ကုန်၊ မေ ၁၇


မြန်မာ့ရေထွက်ပို့ကုန်များအား ပြည်တွင်း၊  ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် ငါးဖမ်းသင်္ဘောများ၏အနေအထားနှင့် ရေထွက်ပို့ကုန်အအေးခန်းစက်ရုံများ၏ ကဏ္ဍများမှာလည်း အရေးပါသည့်ကဏ္ဍတွင် ရှိနေသည်။ ပင်လယ်ကမ်းဝေးငါးဖမ်းသင်္ဘောတွင် လိုက်ပါလုပ်ကိုင်ဆောင်ရွက် နေကြသည့် ပင်လယ်ရေလုပ်သားများအား ချက်ပွိုင့်နေရာများတွင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှု၊ ပင်လယ်ပြင်တွင် နေထိုင်ရမည့်အခြအနေများကို ပညာပေးဆောင်ရွက်နေသည့်အပြင် ငါးဖမ်းသင်္ဘောများ တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ဗီနိုင်းပိုစတာများကပ်ပေးလျက်ရှိသည်။


ထို့ကြောင့် လက်ရှိတွင် ငါးဖမ်းစက်လှေများအနေနှင့် COVID-19 ကာလအခြေအနေများ၊ ရာသီဥတု  အခြေအနေများနှင့် ယင်းတို့၏ဆန္ဒအရ ရပ်နားထားမှုများလည်းရှိနေသော်လည်း ပင်လယ်ပြင်တွင် ငါးပုစွန် ဖမ်းယူနေသည့်ငါးဖမ်းစက်လှေများလည်းရှိနေသဖြင့် ငါးဖမ်းစက်များ၏ အခြေအနေမှာ ပုံမှန်အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။ ထို့အပြင် မွေးမြူရေးကဏ္ဍတွင် လက်ရှိအချိန်မှာ ငါးကန်များဖော်သည့်အချိန်ဖြစ်နေသည်။


ထို့အတူ ရေချိုငါးလုပ်ငန်းကဏ္ဍမှ အင်းများဖော်ကာ ငါးပုစွန်များကို ဖမ်းယူရောင်းချသည့် အချိန်လည်း ဖြစ်နေသည်။ ထို့ကြောင့် ဈေးကွက်သို့ မွေးမြူရေးငါးများနှင့်ရေချိုငါးလုပ်ငန်းမှငါးများ ဝင်ရောက်လာမည်       ဖြစ်သဖြင့် ငါးလုပ်ငန်းကဏ္ဍတွင် လျော့ကျပြတ်လပ်သွားမှုမရှိနိုင်။ ထို့အပြင် အအေးခန်း ငါးသယ် မော်တော်ယာဉ်များအား အမြန်လမ်းကိုအသုံးပြုဆောင်ရွက်ပေးထားသဖြင့်် မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများသို့ အဆင်ပြေလွယ်ကူစွာ သယ်ယူပို့ဆောင်ပေးနိုင်သည့်အပြင် အခြားသောမြို့ရွာဒေသများသို့ လည်း ဆက်လက်သယ်ယူ ဆောင်ရွက်နိုင်သဖြင့် ရေထွက်ကုန်သယ်ယူပို့ဆောင်ရေးကဏ္ဍအနေနှင့် ပြတ်တောက်သွားရန် မရှိနိုင်ကြောင်း သိရသည်။


ထို့အတူ အအေးခန်းစက်ရုံကဏ္ဍအနေနှင့်လည်း လက်ရှိတွင် အအေးခန်းစက်ရုံများအနေနှင့် COVID-19 ကာလတွင်စက်ရုံများကို ယာယီပိတ်သိမ်းထားခဲ့ကြရသော်လည်း COVID-19 ညွှန်ကြားချက်များနှင့်အညီ စက်ရုံများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊  COVID-19 ဗဟိုကော်မတီ၏ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကာစက်ရုံများအနေနှင့် အစစ်ဆေးခံကာ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။


အအေးခန်းစက်ရုံများအနေနှင့်သက်ဆိုင်ရာဂိုက်လိုင်းများကို လိုက်နာဆောင်ရွက်နေကြရသကဲ့သို့  ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GoodManufacturingPractices-GMP)ကိုလည်း လိုက်နာထုတ်လုပ် ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေနှင့် အီးယူ သို့ တင်ပို့ရောင်းချပေးနိုင်ရေးနှင့် အခြားသောပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချပေးနိုင်ရေးအတွက်  ဂိုက်လိုင်းများ ရေးဆွဲကာ အနည်းဆုံးခြောက်လတစ်ကြိမ် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။


ထို့အပြင်လိုအပ်မှုများရှိလာပါက လေးလတစ်ကြိမ်၊ သုံးလတစ်ကြိမ် စစ်ဆေးဆောင်ရွက်မှုများလည်း      ရှိနေသည်။ လက်ရှိ COVID-19 ကာလ ထုတ်ပြန်ချက်များသည် ငါးလုပ်ငန်းဦးစီးဌာနမှ ရေးဆွဲဆောင်ရွက်ပေးထားသည့် ဂိုက်လိုင်းတွင် ပါနေပြီးဖြစ်ပြီး COVID-19 ကာလသတ်မှတ်ချက်များနှင့် အများဆုံး နီးစပ်မှုရှိနေသဖြင့် အအေးခန်းစက်ရုံများအတွက် အမြဲလိုက်နာဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များဖြစ်နေသည်။ သို့သော်အအေးခန်းစက်ရုံများအနေနှင့် သုံးပေကွာစနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်ရန် အချက်တစ်ချက်ကိုသာ ထပ်မံဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ 


ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ