မြစ်ကြီးနား ဧပြီ ၂၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ၂၆ ရက် ညနေ ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် ကရိန်နေဉ်လမ်းတွင် အောင်မိုင်မောင်းနှင်လာသည့် PRADO အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၈၈ ကီလိုကိုလည်းကောင်း၊ ထို့အတူ ဧပြီ ၂၅ ရက် ည ၇ နာရီခွဲတွင် ဘုတ်ပြင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု ချောင်းကရှက်ကျေးရွာနေ အောင်ကျော်အေး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေလင်းဦး(ခ)ပြူးကြောင်နှင့် မောင်အေးတို့ကိုတွေ့ရှိရပြီး ၎င်းတို့မှာ ထွက်ပြေးသွားကြောင်းနှင့် နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၄၇ ပြား ကိုလည်းကောင်း၊ အလားတူ ထိုနေ့ နံနက် ၁၀ နာရီတွင် ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု ကျောက်ပုံချောင်းကျေးရွာ ကဘင်ချောင်းအတွင်း၌ မသင်္ကာဖွယ်စက်လှေတစ်စင်းအား တွေ့ရှိ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ဝင်းဌေး၊ ဗေသီးနှင့် ရဲထိုက်တို့သုံးဦးမှာ စက်လှေပေါ်တွင် တင်ဆောင်လာသည့်ဆာလာအိတ်များကို ရေထဲသို့ပစ်ချ၍ မောင်းနှင်ထွက်ပြေးသွားသောကြောင့် ပူးပေါင်းအဖွဲ့က အဆိုပါ ဆာလာအိတ်များကို ဆယ်ယူဖွင့်ဖောက်စစ်ဆေးရာ ဘိန်းစာမှုန့် ၃၀၇ ဒသမ ၅ ကီလိုကိုလည်းကောင်း၊ ထို့နောက် ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မြိတ်မြို့နယ် ကြေးနန်းတိုင်ကျေးရွာကြေးနန်းတိုင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မချိုချိုသိန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစာမှုန့် ၁၄ ကီလိုသိမ်းဆည်းရမိခဲ့ပြီး အလားတူညနေ ၄ နာရီ မိနစ် ၄၀ တွင် အဆိုပါနေရာ၌ပင် မဖြူဖြူချစ် မောင်းနှင်ပြီး မဂျစ်ဇနီးလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစာမှုန့် ၂၄ ဒသမ ၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး