ရှင်ဗွေယန် ဧပြီ ၂၇
ကချင်ပြည်နယ် ရှင်ဗွေယန်မြို့၌ ဧပြီ ၂၅ ရက်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မြေစိုက်နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၂၀ ကရှင်ဗွေယန်မြို့ ရပ်ကွက်(၃)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရှင်ဗွေယန် နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ကျော်သူထက်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ ရှင်ဗွေယန်မြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသန်းမြင့်ဇော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ ညနေ ၄နာရီ မိနစ် ၅၀ တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုသည် အဆိုပါရပ်ကွက်ရှိ ချမ်းဇံ၏နေအိမ် မီးဖိုချောင်မီးကြွင်း မီးကျန်မှတစ်ဆင့် မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက် သေဆုံးမှုမရှိသော်လည်း မြေစိုက်နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းဇုံ(ထွက်ပြေးတိမ်းရှောင်)အား ရှင်ဗွေယန် နယ်မြေရဲတပ်ဖွဲ့စခန်းကအမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဆွေဦး