နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကျောက်တန်းမြို့နယ် အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်     ဧပြီ        ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းဦးစီးမှူးဦးကျော်လင်းသန်းနှင့် တာဝန်ရှိ သူများသည် ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက ကျောက်တန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်                              နေမှုနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာတာဝန်ရှိသူများသည် ကန်ပြောင်ကျေးရွာ(၄'' x ၆၄၀') စက်ရေတွင်းတူးဖော်ခြင်း၊ စင်မြင့်ရေစင်နှင့် ရေစက်ရုံတည်ဆောက်နေခြင်းလုပ်ငန်းများအားလည်းကောင်း၊ နရွဲချောင်- ဘိုးဘ- မုဆိုးဆိပ် ကျေးရွာကုန်ထုတ် မြေသားလမ်းဖောက်လုပ်ခြင်း(၂/၄.၄ မိုင်x ၁၂'x၂')နှင့် Box Culvert (၇) စင်းတည်ဆောက် ခြင်းလုပ်ငန်းများအား လည်းကောင်း၊ ဇွဲကနာကျေးရွာမြေသားရေကန်တူးဖော်ခြင်းနှင့် ရေကန်အနက်နှိုက် ခြင်းလုပ်ငန်းများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် Burno Mars Co.LTD  မှ တာဝန်ခံအင်ဂျင်နီယာနှင့် မြို့နယ်အင်ဂျင်နီယာများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်က စံချိန်စံညွှန်း ပြည့်မီရေးနှင့် ကျေးရွာပြည်သူများအကျိုးရှိရှိအသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာ ကော်မတီဝင်များနှင့်တွေ့ဆုံကာမြစိမ်းရောင်စီမံကိန်းသည် မိမိတို့ကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါကြောင်း၊ ကျေးရွာပြည်သူလူထုအတွက် အတိုးနှုန်းသက်သာစွာအသုံးပြုနိုင်ရေး၊ ရရှိလာသော အတိုးနှုန်းဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများရွေးချယ်အကောင်အထည်ဖော် နိုင်ရေး လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကျေးရွာတွေမှာ ရေကန်တွေတူးပေးတယ်၊ ကုန်ထုတ်လမ်းတွေဖောက်ပေးတယ်၊ အဲလိုတွေ ဆောင်ရွက်ပေးလို့နွေရာသီမှာသောက်သုံးရေပြတ်လပ်မှုတွေမရှိတော့ဘူး၊ ကုန်ထုတ်လုပ်ငန်းတွေလည်း            ရာသီမရွေးလွယ်ကူစွာသွားလာနိုင်လို့ လူမှုစီးပွားဘဝတွေလည်းတိုးတက်လာပါတယ်လို့” ဒေသခံတစ်ဦးက ပြောကြားသည်။ ကျောက်တန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လမ်း(၁)လမ်း၊ Box Culvert (၇)စင်း၊ စက်ရေတွင်းနှင့် စင်မြင့်ရေစင်(၂)တွင်း၊ မြေသားရေကန်တူးဖော်ခြင်း(၂) ကန်၊ မြေသားရေကန်အနက်နှိုက်ခြင်း (၂၀)ကန်၊ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၇) ခုနှင့် ရေသန့်စင်စနစ် တည်ဆောက်ခြင်းလုပ်ငန်း(၁) ခုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

        ခင်ဆွေဝင်း(ကျောက်တန်း)






အခြားဆက်စပ်သတင်းများ