တာချီလိတ် ဧပြီ ၂၅
တာချီလိတ်မြို့နယ်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၃ ရက် ည ၈ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရန်အောင်မြေ ပါလျှံ(၃)ရပ်ကွက်ရှိ တည်းခိုခန်းအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသော စိုင်းခမ်းခေါင် မောင်းနှင်ပြီး သဲလင်းအောင်(ခ) သားကြီးလိုက်ပါလာသည့်ယာဉ်ရောက်ရှိလာ၍ ရှာဖွေရာ ငွေကျပ်သိန်း ၁၀၅၀ တန်ဖိုးရှိဘိန်းဖြူဘလောက်တုံး ၂၀ (အလေးချိန်ခုနစ်ကီလို) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီတွင် မှော်ဘီမြို့နယ် မှော်ဘီလှော်ကားသွားကားလမ်း အမှတ်(၄)လမ်းမကြီး တိုးဂိတ်အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ပိုင်ဖြိုးခန့်(ခ)အရိုးနှင့် ဖြိုးလင်းထွဋ်(ခ)ကိုဖြိုးတို့အား စစ်ဆေး ရှာဖွေရာ ပိုင်ဖြိုးခန့်(ခ)အရိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ဖြိုးခန့်(ခ)အရိုး၊ ဖြိုးလင်းထွဋ် (ခ)ကိုဖြိုး တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး