ရေနံချောင်း ဧပြီ ၂၄
ပရဆေးကုန်ကြမ်းအဖြစ်အသုံးပြုသည့် ဒန့်သလွန်စေ့ခြောက်များ အပင်ပိုင်ရှင်များထံ လိုက်လံဝယ်ယူသည့် ပွဲစားများဝယ်ယူမှုမရှိသောကြောင့် ဝယ်လက်ပျောက်နေကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့မှ ဒန့်သလွန်ပင်စိုက်ပျိူးသူများထံက သိရသည်။
ဒန့်သလွန်ပင်ကို နေအိမ်ခြံဝန်း၌တစ်နိုင်တစ်ပိုင် စိုက်ပျိူးကြပြီး ဒန့်သလွန်သီးအစိမ်းနှင့် ဒန့်သလွန်သီး ခြောက်နှစ်မျိူး ကိုဆွတ်ခူးရောင်းချကြရကြောင်း လွန်ခဲ့သောတစ်နှစ်နီးပါးခန့်၌ ဒန့်သလွန်စေ့ခြောက် တစ်ပိသာ ငွေကျပ် ၁၅၀ဝ၀၊ ရောင်းရပြီးနောက်ပိုင်းကစ၍ လက်ရှိအချိန်အထိဝယ်ယူသူမရှိကြောင်း ဒေသခံစိုက်ပျိူးသူ များထံက သိရသည်။
အရင်ကတော့ ဒန်သလွန်စေ့ခြောက်ကိုဒိုင်ကိုသွားရောင်းစရာမလိုဘူး။ ပွဲစားတွေကိုယ်တိုင်လိုက်လံပြီး သူတို့ ကိုယ်တိုင်အပင်ပေါ်တက်ခူးတယ်။ အတောင့်ကိုအခွံနွှာပြီးအစေ့ကိုအလေးချိန်နှင့်ဝယ်တာ။ ယခုပွဲစားတွေ အဝယ်မလာပြန်ဘူးဟုဒေသခံတစ်ဦးက ပြောသည်။
ဒန့်သလွန်ပင်များ အသီးဖြိုင်ဖြိုင်သီးချိန်တွင် ဒန့်သလွန်အစိုဈေးကွက်ကို ကုန်စိမ်းအဖြစ်ရောင်းချကြ ကြောင်း အသီးအရင့်များကိုအခြောက်ထား၍ ဒန့်သလွန်သီးအစေ့ခြောက်ကိုရောင်းရကြောင်း ဒန့်သလွန်သီးစိုက်ပျိူးရာတွင်ယခင်ကရောင်းခဲ့ရသော ဈေးကွက်အနေအထားအားစိုက်ပျိူးသူများထံက သိရသည်။
ကျွန်မတို့ ဒန့်သလွန်သီးအစေ့ခြောက်ကတော့ နယ်ကကျွန်မတို့ပွဲစားကအဝယ်ရပ်ထားပါဦး ပြောတာနဲ့ မဝယ်သေးတာပါ။ ဘယ်ဈေးပေါက်တယ်ဆိုတာ မသိရသေးဘူးဟု လိုက်လံဝယ်ယူသည့် အမျိူးသမီးတစ်ဦးက ပြောသည်။
ဆန်းညွန့်