နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယဒန့်သလွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း အသီး သီးနှုန်းကောင်းသော်လည်း ဒန့်သလွန်သီးဈေးနှုန်းကျဆင်းနေ

ရေစကြို၊ ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် အိန္ဒိယဒန့်သလွန်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းပြီး အသီးသီးနှုန်းကောင်းမွန်သော်လည်း ဈေးနှုန်းကျဆင်းနေခြင်းကြောင့် အိန္ဒိယဒန့်သလွန်စိုက်ခင်း ပိုင်ရှင်များ ဒန့်သလွန်သီးရောင်းချချိန် အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း အိန္ဒိယဒန့်သလွန် ငါးဧက စိုက်ပျိုးတောင်သူ ဦးမြသင်းထံက သိရသည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သံပြာချောင်းကျေးရွာတွင် အိန္ဒိယဒန့်သလွန်(PKM1) တံဆိပ်မျိုးအမြောက် အမြား စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းကာ အသီးသီးနှုန်းကောင်း မွန်ကြောင်း၊ ဒန့်သလွန်စိုက်ခင်းများမှ ဒန့်သလွန်သီး လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်းခဲ့ခြင်း၊ ရန်ကုန်ဈေးကွက်သို့တင်ပို့ရန် ကားအခက်အခဲဖြစ်ခြင်း များကြောင့် ဒန့်သလွန် စိုက်ပျိုးတောင်သူများ မရောင်းချခဲ့ရဘဲ အသီးနှစ်သိန်းကျော်ရင့်ပြီး  ခြောက်ကုန်ခြင်း ကြောင့် အစေ့ထုတ်ပျိုးစေ့ရောင်းချရန် ပြန်လည်စီစဉ်နေရကြောင်းသိရသည်။ အိန္ဒိယဒန့်သလွန်မှာ မည်သည့် ရာသီဥတုမဆိုစိုက်ပျိုးနိုင်ပြီး ရေရရှိရန်သာအဓိကဖြစ်ကာ ရေများများမလိုအပ်ဘဲ ရေအစက်ချစနစ်ဖြင့် စိုက်ပျိုးခြင်းက ရေကုန်သက်သာစေကာ ရေချို၊ ရေငန် နှစ်မျိုးလုံးတွင် စိုက်ပျိုး၍ရကြောင်း ဦးမြသင်းက ရှင်းပြသည်။

အိန္ဒိယဒန့်သလွန်စိုက်ပျိုးခြင်းအား အိတ်တစ်အိတ်အစေ့တစ်စေ့ဖြင့် စပါးလုံးတစ်ထောက်ခန့် မြေတွင် မြှုပ်၍ ပျိုးထောင်စိုက်ပျိုးရကြောင်း ၊ပျိုးထောင်ပြီး သုံးရက်ခန့်ရှိလျှင် အပင်ပေါက်စတင်ပေါက်လာပြီး၊ ပျိုးသက် ဆယ်ရှစ်ရက်ခန့်တွင် စိုက်ပျိုးမည့်စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ရကြောင်းသိရသည်။ စိုက်ခင်းတွင်စိုက်ပျိုးပြီး တစ်ပေခွဲခန့်အပင်အမြင့်ရောက်လျှင် ခေါင်နိမ့်ပေးခြင်းဖြင့် အပင်ဝေဆာကာ ခြောက်လခန့်အချိန်တွင် အပွင့်ပွင့်ပြီး အသီးသီးကြောင်းသိရသည်။ ဒန့်သလွန်ပင်သည် နှစ်နှစ်ဆယ်ခန့်ရှိသည့် နှစ်ရှည်ပင်ဖြစ်ခြင်းကြောင့် စိုက်ခင်းအတွင်း ကိုးပေပတ်လည်တွင် တစ်ပေပတ်လည် ကျင်းများတူးပြီး စိုက်ပျိုးရကြောင်း မစိုက်ပျိုးမီ ကျင်းအတွင်း သဘာဝသစ်ရွက်ဆွေး၊ နွားချေးတို့ကိုနှပ်ထားပြီးစိုက်ပျိုးရကြောင်း၊ ဓာတုဆေးဝါးသုံးစွဲမှုမရှိဘဲ သဘာဝအတိုင်းသာ စိုက်ပျိုးခြင်းကြောင့် အိန္ဒိယဒန့်သလွန်စိုက်ခင်းများ နာမည်ရလာကြောင်းလည်းသိရသည်။

ဒန့်သလွန်သီးစတင်ဆွတ်ခူးရောင်းချချိန်က တစ်တောင့် ၂၀၀ကျပ်ရောင်းချရပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာလတွင် တစ်တောင့် ၉၀ကျပ် ရောင်းချခဲ့ရသေးကြောင်း၊ ယခုကာလတွင် တစ်တောင့် ၃၀ ကျပ်သာ ရောင်းချရ ခြင်းကြောင့် ခူးဆွတ်စရိတ်၊သယ်ယူစရိတ်များ မကာမိဘဲ ဒန့်သလွန်စိုက်ခင်းပိုင်ရှင်များခူးဆွတ်ရောင်းချခြင်းမရှိတော့ဘဲ အသီးအရင့်ထားကာ အစေ့ထုတ်အခြောက်လှန်း ပျိုးစေ့ပြန်လည်ရောင်းချမှုများရှိလာခဲ့ကြောင်းသိရသည်။

အိန္ဒိယဒန့်သလွန်စိုက်ပျိုးခြင်းအား ရေစကြိုမြို့နယ်၊ သံပြာချောင်းကျေးရွာတွင် ဧက ၈၀ ခန့်ရှိပြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေကျေးရွာတွင် အမြောက်အမြား စိုက်ပျိုးထားခြင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် တွင် စိုက်ပျိုးကြခြင်း၊ ကျောက်ပန်းတောင်းမြို့နယ် ၊လဲဂွ ကျေးရွာတွင် စမ်းသပ်စိုက်ပျိုးမှုများလာခြင်း၊ ညောင်ဦးမြို့နယ် နတ်ကြို့အိုင်တွင် အိန္ဒိယ ဒန့်သလွန်စမ်းသပ်စိုက်ပျိုးမှုများရှိလာပြီး အောင်မြင်ဖြစ်ထွန်းကြ ကာ အသီးသီးနှုန်းကောင်းမွန်ကြောင်း တစ်တောင့်နှစ်ပေခွဲအထိရှည်ကာ ဒန့်သလွန်သီးဈေးကွက်ခိုင်မာစေရန် ဒန့်သလွန်စိုက်ခင်းပိုင်ရှင်များ မျှော်လင့်နေကြကြောင်းသိရသည်။

ကိုထိန် ၊KPD






အခြားဆက်စပ်သတင်းများ