နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးတိုးရောဂါနှင့် သွေးပေါင်ကျရောဂါ လက္ခဏာများ

ရန်ကုန်  ဧပြီ ၁၇

သွေးတိုးရောဂါလက္ခဏာ နှင့် သွေးပေါင်ကျရောဂါ လက္ခဏာများက ခပ်ဆင်ဆင်တူနေကြသဖြင့် မိမိ ဘာဖြစ်နေသည်ကို မခန့်မှန်းတတ်ကြပေ။ ထို့ကြောင့် သွေးတိုးရောဂါ (Hypertension/High Blood Pressure) နှင့် သွေးပေါင်ကျရောဂါ (Hypotension/Low Blood Pressure) တို့အကြောင်းကို ကွဲကွဲပြားပြား သိနားလည် စေဖို့အတွက် ၄င်းရောဂါ လက္ခဏာများကို အကြံပေးလိုပါသည်။ (သွေးတိုးရောဂါ လက္ခဏာများ) ကမ္ဘာတစ်ဝန်း သွေးတိုးရောဂါဖြစ်ပွားမှုများ တစ်နေ့ထက်တစ်နေ့၊ တစ်နှစ် ထက်တစ်နှစ် ပို၍ မြင့်တက်လာနေကြသည်။ ထို့ကြောင့်လည်း ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို “တိတ်တဆိတ် လူသတ်သမား (Silent Killer)”  ဟု ခေါ်ကြသည်။ သွေးတိုးရောဂါသည် အချိန်အခါမရွေး၊ ရာသီဥတုမရွေး ဖြစ်တတ်သည်။ သွေးတိုး ရောဂါရှိသူများ၏ ပျမ်းမျှသုံးပုံတစ်ပုံခန့်မှာ မည်သည့်လက္ခဏာများ ထွေထွေထူးထူး မပြတတ်ပေ။ ထို့ကြောင့် မိမိကိုယ်ကို သွေးတိုးနေမှန်းမသိနိုင်ကြခြင်းဖြစ်သည်။ လူအများစုတွင်ဖြစ်တတ်သော သွေးတိုးရောဂါစဦးပိုင်း လက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်လာခြင်း၊ အမြင်ဝေဝါး လာခြင်း၊ နားအူခြင်း၊ မျက်နှာယောင်အမ်း ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မျက်ခွံမို့အစ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း စသည်တို့ဖြစ်သည်။ အမျိုးသမီးများ ဓမ္မတာရာသီလာနေစဉ်  သွေး ဖိအားတိုးလေ့ရှိသည်။ သွေးတိုး ရောဂါ၏ သဘောသဘာဝသည် ရောဂါစဖြစ်ပြီဆိုသည်နှင့် ဆက်တိုက်သွေးတိုးသွားဖို့သာရှိသည်။

ပြန်ကောင်းသွားစရာ အကြောင်းမရှိပေ။ ရောဂါလက္ခဏာပေါ်သည်နှင့် မပေါ်သည်သာဖြစ်ပါသည်။ ထို့ကြောင့် နာတာရှည်သွေးတိုး ရောဂါမဖြစ်စေဖို့ ဆရာဝန်နှင့်ဆွေးနွေးကာ သွေးကျဆေးနေ့စဉ်သောက်သုံးသင့်ပေသည်။ သွေးတိုးရောဂါ အတွက် သောက်ရမည့် ဆေးအမျိုးအစားသည် အခြားပဋိဇီဝ အကိုက်အခဲပျောက်ဆေးများကဲ့သို့ သောက်သုံးသူ ကို ဆေးယဉ်ပါးခြင်း (ဆေးမတိုးခြင်း) ပြဿနာ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် မိမိသဘောဖြင့် လက္ခဏာပေါ်လျှင် ဆေးသောက်မယ်၊ ရောဂါလက္ခဏာမပေါ်လျှင် ဆေးမသောက်ဘဲ နေဦးမယ်ဆိုသည်မျိုး မပြုလုပ်သင့်ပေ။ မည်သည့် ရောဂါလက္ခဏာမျှ မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုးရွားရွားရှိနေနိုင်သည်ကို သတိပြုပါ။ (သွေးပေါင်ကျရောဂါ လက္ခဏာများ) ကျန်းမာရေး ကောင်းမွန်သောအရွယ်ရောက်သူတစ်ဦး၏ ပုံမှန်သွေးပေါင်ချိန်သည် (၁၂၀/၈၀) အပေါ်သွေး ၁၂၀၊ အောက် သွေး ၈၀ ရှိသင့်သည်။  အကယ်၍ သွေးပေါင် ချိန်သည် (၉၀/၆၀) အောက်သို့ ထိုးဆင်းသွားခြင်းကို “သွေးပေါင်ကျတယ်” ဟု ခေါ် ဆိုသည်။

 ရုတ်တရက်သွေးပေါင်ကျခြင်းသည် ရုတ်တရက်သွေးတိုးခြင်းကဲ့သို့ အသက်အန္တရာယ်စိုးရိမ်ရသည်။ နာတာရှည်သွေးပေါင်ကျခြင်းကြောင့် ခန္ဓာကိုယ်၏ အရေးကြီး အစိတ်အပိုင်းများသို့ အောက်စီဂျင်ပြတ်လပ်ကာ နောက်ဆုံးတွင် နှလုံး၊ ဦးနှောက်အာရုံကြောနှင့် သွေးပြန်ကြောများကို ထိခိုက်ပျက်စီးစေပါသည်။ သွေးပေါင်ကျ ခြင်းကလည်း သွေးတိုးရောဂါကဲ့သို့ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်တတ်ပါသည်။ ထို့ပြင် မူးနောက် နောက်ဖြစ်ခြင်း၊ အီလည်လည်ဖြစ်ခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ရေငတ်ခြင်း၊ နှူတ်ခမ်း လက်ဖဝါး မျက်တွင်းသား ခြေဖဝါးနှင့် အရေပြား အရောင်ဖျော့ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးလျင်မြန်စွာ ခုန်လာခြင်း၊ အသက်ပြင်းပြင်း မရှုနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိမေ့မျောခြင်း၊ ရုတ်တရက် မွန်းကြပ်ခြင်း စသည်တို့မှာ သွေးပေါင်ကျလက္ခဏာများဖြစ်ကြသည်။                                                            

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ