မေ ၁၆၊ ဘရာစီလီယာ
လွန်ခဲ့သည့် တစ်လနီးပါးက ခန့်အပ်ခံရသည့် ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးမှာ ပိုမိုဆိုးရွားလာသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးနှင့်ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို သဘောထားကွဲလွဲခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ကိုယ်လက်လေ့ကျင့်ရေးခန်းမများနှင့် အလှပြင်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးသည့် သမ္မတ ဘောဆိုနာရို၏ အမိန့်ဒီကရီကို ဘရာဇီးကျန်းမာရေးဝန်ကြီး( ဟောင်း) နယ်ဆင်တိုက်ချ်က ဝေဖန်ခဲ့သည်။ သို့သော် နယ်ဆင်တိုက်ချ်က ရာထူးမှ နုတ်ထွက်ရခြင်းအကြောင်းရင်းကို စာနယ်ဇင်းရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
နယ်ဆင်တိုက်ချ် မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ကြီးမှာလည်း သမ္မတ ဘော်ဆိုနာရိုနှင့် သဘောထား ကွဲလွဲခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ လက်ယာစွန်းရောက်အမြင်ရှိသည့် ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ပိတ်ဆို့မှုစည်းမျဉ်းများကို ဆန့်ကျင်နေဆဲဖြစ်သည်။ ဘော်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်ကို သာမန်တုပ်ကွေးရောဂါဖြစ်သည်ဟု လျှော့တွက်ခဲ့ပြီး COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ရှောင်လွှဲမရနိုင်ဟု ပြောခဲ့ရာ ပြည်ပနိုင်ငံများ၏ ဝေဖန်မှုရင်ဆိုင်ခဲ့ရသည်။ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၈၀၀၀ ကျော်ရှိနေပြီး ဂျာမနီ၊ ပြင်သစ်နိုင်ငံများကို ကျော်ဖြတ်ကာ ကူးစက်ခံရသူ အများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၂၄ ဦးရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၄၈၁၇ ဦးအထိ ရှိလာခဲ့သည်။
Ref:BBC(KNT)