ကလေးတိုင်း ဆီးမှန် ဝမ်းမှန်ရေး မိဘတိုင်းမှ စိတ်ဝင်စားကြတယ်။ ဆီးသွားရဲ့လား။ ဘောင်းဘီဘယ်နှစ်ကြိမ်၊ အနှီး ဘယ်နှစ်ကြိမ်လဲရသလဲ။ ဆီးသွားရင် ရှုံ့မဲ့နေသလား။ ရှူးရှူးလို့ အသိပေးတတ်ပြီလား စသည်ဖြင့် ကလေးကို စိတ်မချ တတ်ကြဘူး။
သေး။ သေးဝတ်ခဏခဏမလဲရအောင် ကလေးက ပြောဆိုတတ်တဲ့ အကျင့်ရှိလာအောင် သင်ပေးထားသင့်တယ်။ သေးမကြာခဏပေါက်ရင် ပေါင်ခြံမှာ သေးပူလောင်တတ်တယ်။ အဖုအပိမ့်များနဲ့ နီရဲကာ ကလေးမှာ အထိမခံဖြစ်နေ တယ်။ သုံးလေ့ရှိတဲ့ ဘောင်းဘီ၊ အနှီးတို့ကို ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ကာ နေပူလှန်း၊ မီးပူတိုက်ပေးသင့်တယ်။ သေးလောင်နေတဲ့ အနှီးနဲ့ပြန်ပတ်ခြင်းရှောင်ရပါမယ်။ တတ်နိုင်ရင် သေးမစိုပေမယ့် အနှီးကို တစ်နေ့နှစ်ခါလဲ၊ ပိုးသတ် ဆေးပါဝင်တဲ့ ဘောင်းဘီကို ခဏမသုံးပဲ ထားသင့်တယ်။ အနှီးကို တစ်နေ့နှစ်ခါလဲပြီး ပိုးသတ်ဆေးပါတဲ့ ပေါင်ဒါမုန့် လိမ်းပေးနိုင်တယ်။ ပေါင်ဒါအချို့ဟာ ခဲမှုန့် (Lead) ပါဝင်တာကြောင့် ခဲ (Lead) မပါတဲ့ ပေါင်ဒါသုံးသင့်ပါတယ်။ ရေ မကြာခဏတိုက်ပေးနေတာကလည်း ဆီးဝမ်းမှန်စေပါတယ်။
ဝမ်း။ မိဘတိုင်းဟာ ကိုယ့်ကလေးရဲ့ ဝမ်းကို စိတ်ဝင်စားကြတယ်။ ဝမ်းပျော့သလား၊ မာသလား၊ စိမ်းသလား၊ ဝါသလား စသဖြင့် အစစသိချင်ကြတယ်။ ကလေးဘာမှမဖြစ်ရင် ''ဝမ်း''ကို ငုံ့ကြည့်လို့ အကျိုးမရှိပါဘူး။
မိခင်နို့တိုက်ပြီး မွေးတဲ့ကလေးရဲ့ ဝမ်းမှ ညှိစို့စို့တဆေးနံ့ထွက်ကာ၊ လက်ဖက်ဝါးဖတ်နဲ့တူတယ်။ ဆိုလိုတာက ဘီယာ ချက်လုပ်ရာမှာ သုံးတဲ့ တဆေးတို့၊ ထမင်းနဲ့တွဲစားတဲ့ လက်ဖက်ကို မသုံးပါပဲ တူနေတယ်လို့ဆိုတာပါ။ ပုံမှန်ကလေး တစ်ယောက်ဟာ ဝမ်းကို တစ်နေ့တစ်ခါမှ ငါးခါအထိ ပါနိုင်တယ်။ အကြိမ်နည်းရုံနဲ့ ဝမ်းချုပ်တယ်။ အကြိမ်များလို့ ဝမ်းသွားတင်ထင်ကာ မစိုးရိမ်သင့်ပါဘူး။
ကလေးတို့ ဝမ်းချုပ်ရင် စမြင်တုံးများသွားလိမ့်မယ်။ ဆိတ်ချေးတုံးကလေးနဲ့တူတယ်။ ဝမ်းချုပ်ရင် ဝမ်းနုတ်ဆေး မကျွေးသင့်ဘူး။ ကလေးစို့တဲ့နို့၊ စားတဲ့အစာနည်းနေလို့ဖြစ်တာပါ။ မိခင်နို့ပိုထွက်အောင် ဟင်းခါးဟင်းရည်၊ ငရုတ် ကောင်းခပ်ထားတဲ့ ''ကြေးအိုး''စတာတွေ ကျွေးဖို့လိုတယ်။ အစားပိုစားတဲ့ကလေးဆိုရင် အသား၊ ဟင်းသီးဟင်းရွက် ပိုပြီးကျွေးဖို့လိုတယ်။ ရေပိုတိုက်ဖို့လိုတယ်။ ဝမ်းမှန်လာမှာပဲဖြစ်တယ်။
ကလေးတစ်ဦးဟာ ဝမ်းပျော့ပျော့ကို ခဏခဏသွားရင် ဝမ်းလျောပြီလို့ မှတ်ယူကြတယ်။ နို့ဘူးတိုက်ကျွေးတဲ့ ကလေးဖြစ်ရင် နို့မသန့်လို့ ဖြစ်နိုင်လို့ အထူးဂရုစိုက်သင့်တယ်။ နို့ဘူးကို ရေနွေးနဲ့ ပြုတ်ဆေးကာ နို့ကျန်တွေက ကလေးကို ပြန်မတိုက်ပဲ။ ရေသောက်တယ်ဆိုလည်း ရေကျက်အေးသောက်ပေးဖို့ လိုပါတယ်။ မိခင်အစားအစာကို ပြန်ကြည့်သင့်တယ်။ မိခင်ကိုယ်တိုင်ချဉ်ရေဟင်း၊ ပဲမျိုးစုံအောင် စားလို့နေပြီဆိုရင် မိခင်လည်း ဝမ်းသွားနိုင်လို့၊ မိခင်ကို အသားနဲ့အသီးအရွက် မျှတအောင် ကျွေးမွေးသင့်ပါတယ်၊ ကလေးထိုင်ချိန်၊ ကလေးလမ်းလျှောက်ချိန်၊ ကလေး သွားပေါက်ချိန် ဝမ်းသွားတတ်တယ်လို့ အထင်အမြင်လွဲနေကြတယ်။ ဝမ်းနုတ်ဝမ်းချူခြင်း၊ ကလေးကိုဝမ်းနှုတ်ခြင်း မပြုသင့်ပါဘူး။ ဖြစ်နိုင်ရင် မိဘရောကလေးပါ ဝမ်းနုတ်ဆေးမကျွေးသင့်ပါဘူး။
တစ်ပတ်တစ်ခါ ဝမ်းနုတ်ခြင်းမှာ မြန်မာလူမျိုးတို့၏ အလေ့အကျင့်ဖြစ်ကာ ဝမ်းချုပ်ရင် ဝမ်းနုတ်ပေးတတ်တာ ကလည်း အမှန်မှာ ဝမ်းချုပ်တာဟာ အမျှင်ပါတဲ့ ဟင်းသီးဟင်းရွက်နည်းလို့၊ ရေသောက်နည်းလို့ဖြစ်တယ်။ ဝမ်းချုပ်ကာ ဝမ်းနုတ်ဆေး စားရုံးနဲ့ရမယ်မထင်ဘူး။ ဝမ်းမှန်ဖို့အရေး၊ အချို့ဝမ်းနုတ်ဆေး (၁-၃) လုံးစားနေတယ်။
ဝမ်းချူခြင်းမှာ ဝမ်းနှုတ်ဆေးစားခြင်း မဟုတ်လို့ ဝမ်းနုတ်ဆေးထက် အန္တရာယ်ကင်းတယ်။ သံသယရှိလို့ ချူလိုရင်၊ ဝမ်းချူဘောလုံး (သို့) ဂလစ်ဇလင်း ဝမ်းချူတောင့် (သို့) ဆပ်ပြာထောင့်ချွန်ကို စအိုထဲသွားလိုက်ရုံဖြင့်တော့ ခဏကြာရင် ဝမ်းသွားချင်စိတ်ပေါ်လာကာ ဝမ်းထွက်လာမှာဖြစ်တယ်။ ကြို့ထို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကလေးများအကြောင်းမရှိဘဲ ကြို့ထိုးခြင်း၊ ဗိုက်အောင့်ခြင်းဖြစ်တယ်။
ကလေးကြို့မထိုးစေဖို့ နို့မထွက်တဲ့မိခင်ရဲ့ နို့၊ ကုန်သွားတဲ့ နို့ဘူးကို ဆက်မစို့သင့်ပါဘူး။ ကလေးပါးစပ်ထဲဝင်များတဲ့ လေတွေက အထက်ကိုပြန်ကာ ကြို့ထိုးစေဖို့ဖြစ်တယ်။ ကလေးငိုရင် သက်သာစေတဲ့၊ လေလည်စေတဲ့ ဝလည်းဝစေတဲ့ အသား၊ ဟင်းသီးဟင်းရွက် စတဲ့ဖြည့်စွက်စာ ပူပူနွေးနွေးကျွေးသင့်ပါတယ်။
ကလေးလေထိုးရင်သက်သာအောင် ပြုလုပ်နိုင်ရန်နည်းမှာ ကလေးကို ထောင်ပြီးချီကာ ကျောကို သပ်ပေးဖို့လိုပါ တယ်။ ကျောပုတ်ပေးဖို့မဟုတ်ပါဘူး။ ဂရိုက်ဝါးတား၊ ဂရိုက်မစ်ချာ၊ (Gripe Water, Gripe mixture) တစ်မျိုး တိုက်ပေး သင့်ပါတယ်။ အဆိုပါဆေးတို့က အစာချေဖျက်ရာမှာ အကူအညီပေးကာ လေချဉ်တက်စေပါတယ်။ ကရိုက်ဝါးတား (Gripe water) မှာ အရက်အနည်းငယ်ပါဝင်တတ်လို့ ကလေးကို ရေရှည်မတိုက်သင့်ပါဘူး။
ကလေးငိုလို့၊ ဗိုက်နာတယ်ထင်ကာ ပရုပ်ဆီအရမ်းမလိမ်းသင့်ပါဘူး။ ငိုနေတုန်းမိဘသွားချီလို့ အငိုရပ်သွားရင် ကလေးအဖော်မရှိလို့ ငိုတယ်မှတ်ယူသင့်တယ်။ လူကြီးကချီပေမယ့် အငိုမရပ်၊ ဗိုက်လည်းတင်း၊ ဝမ်းလည်းချုပ်ရင်၊ ဗိုက်နာတာဟာ အမှန်ဟုတ်တယ်။ ဆရာဝန်(မိသားစုဆရာဝန်)ကို ပြသဖို့မမေ့သင့်ပါဘူး။ ကလေးမှာ ဗိုက်နာတာ ကြောက်စရာကောင်းပါတယ်။ အများဆုံး တွေ့ရတတ်တာက ဖြည့်စွက်အာဟာရကျွေးမွေးချိန်မှာ ဝမ်းဗိုက်က အသင့် မဖြစ်သေးလို့ အူသိမ်ဦးပိုင်းက အူသိမ်အလည်ပိုင်းကျွံဝင်ခြင်း၊ အူသိမ်အလယ်ပိုင်းက အူသိမ်နှောင်းပိုင်းဆီကျခြင်း၊ အူသိမ်နှောင်းပိုင်းက အူမကြီးထဲ ကျွံဝင်ခြင်းဖြစ်ကာ မခံမရပ်နိုင် နာတတ်ပါတယ်။
ကလေးငိုလို့ ဗိုက်နာတယ်ထင်ကာ ပရုပ်ဆီ၊ ရင်လူးဆေးအရမ်းမလူးသင့်ပါဘူး။ အငိုများလို့ ချီဖို့ခေါ်သွားလို့ အငို ရပ်သွားရင် ကလေးအဖော်လိုအပ်လို့ဖြစ်စေတတ်တယ်။ ဝမ်းမှန်၊ ဆီးမှန်ရင် ကလေးဆော့နေလိမ့်မယ်။
ကလေးမွေးလာရင် ကလေးကို အမြဲတမ်း၊ ခြောက်သွေ့ကျန်းမာနေအောင် ထားတတ်ဖို့လိုတယ်။ ချေးပေ၊ သေးပေ နေရင် ကလေးကိုချစ်ဖို့မဟုတ်၊ ဘယ်သူမှ ချီချင်ကြမှာမဟုတ်ဘူး။ ကလေးရဲ့ တကိုယ်ရေသန့်ရှင်းရေးဟာ မိဘပေါ် မူတည်ပါတယ်။ မိဘက သန့်ရှင်းသပ်ရပ်မှု ကြိုက်နေရင်၊ ကလေးလည်း သန့်ရှင်းသပ်ရပ်နေပါတယ်။ ကလေးကို မိုးလင်းလာရင် ရေတိုက်ပြီး ကလေးနောက်ဖေးအိုးမှာ ဝမ်းတည်တဲ့အကျင့်၊ ဝမ်းသွားတဲ့အကျင့်၊ ဝမ်းသွားလိုပါက အီးအီး ပြောတတ်တဲ့အကျင့်ရအောင် ကျင့်ပေးသင့်ပါတယ်။ ခဏခဏ ဆီးသယ်ပေးရင် ကလေးက အကျင့်ပါသွားကာ ဝမ်းတို့ ဆီးတို့ ထိန်းနိုင်သွားပြီး မိဘလည်း လျှော်ဖွပ်သန့်စင်ရတာ သက်သာသွားပါမယ်။
(၁) ကလေးကို အမြဲခြောက်သွေ့နေစေခြင်း (၂) နေ့မှာ သန့်ရှင်းစင်ကြယ်စေခြင်း (၃) နေ့ရောညပါ ခြောက်သွေ့ သန့်ရှင်းစင်ကြယ်စေခြင်းတို့ လိုအပ်ပါတယ်။ ကလေးကို မနက်၊ နေ့၊ မစင်အိုးကိုးပေးထားပါက အသက် (၃) နှစ်မှာပင် ဆီးဝမ်းထိန်းနိုင်သွားပြီး ကလေးသန့်သန့်ရှင်းရှင်းဖြစ်သွားနိုင်တယ်။ အဆင့်(၁) နဲ့ (၂) ကို ရပေမဲ့ အဆင့်(၃)ကို ရရှိဖို့ နေ့ရောညပါ ကိုယ့်ဆီးဝမ်းနိုင်ရေး ကျင့်ပေးဖို့လိုတတ်ကြပါတယ်။ မူကြိုအရွယ် မူကြိုပို့သင့်တယ်။ မူကြိုမှာ ကလေးက အဖော်တွေနဲ့ ထိတွေ့ရလို့ အဖွဲ့လိုက် စိတ်ထား (Team Work) ပိုပြီး ရှိလာစေပါတယ်။ မူကြိုဆရာမကလည်း ကိုယ့်ကလေးမို့ ပိုပြီး ဂရုစိုက်တာမျိုးမဟုတ်ဘဲ ကလေးတိုင်းဆီးသွားချိန်ဝမ်းသွားချိန်တစ်ပြိုင်တည်း ကျင့်ပေးထားလို့ အလိုလိုအကျင့်ရသွားပြီပဲဖြစ်တယ်။
(၁) ကလေးဝမ်းမှန်မှန်နဲ့စနစ်တကျသွားတတ်ဖို့ ဘယ်အခါမှ မြည်ထွန်းတောက်ထီးခြင်း မပြုဘဲ စိတ်ရှည်သင့် တယ်။ (၂) ကလေးဝမ်းသွားတိုင်းအဆင့်သင့်ဖြစ်စေဖို့ အိုးတစ်လုံး ဆောင်ထားသင့်ပါတယ်။ အိုးပေးပါရက် ကလေးက အိုးမှာ မယိုပဲနေရင်၊ အတင့်အကျပ်မလုပ်သင့်ပါဘူး။ (၃) လူကြီးပါတဲ့ ဘိုထိုင်အိမ်သာပေါ်တင်ပေးလိုက်ရင် ဝမ်းပုံမှန် သွားတတ်ပါတယ်။ (၄) သူ့အကြိုက်အလိုလိုက်ရင်း၊ ကလေးကျေနပ်သည်ထိထိုင်ပြီး တည်ပေးနိုင်ပါတယ်။ (၅) ကလေးက မထိုင်ချင်(သို့)ဝမ်းမသွားချင်ရင်မြည်တွန်တောက်တီးခြင်းမလုပ်သင့်ပါ။ (၆) ကလေးကျေနပ်အောင် ထိုင်စေသင့်ပါတယ်။ (၇) ကလေးလာမထိုင်ချင်သေးရင် ထိုင်ဖို့အချိန်သင့်ပြီလို့ သတိပေးကာ အိုးပေါ် (သို့) ရေအိမ်ပေါ် မှာ တည်ပေးသင့်တယ်။
အသက်(၂) နှစ်ရောက်ရင် ကလေးဟာ အလေ့အကျင့်ဖြစ်သွားပြီး ဝမ်းသွားချိန်၊ ဆီးသွားချိန်မှာ သူ့အလိုလိုသူအိုး ဆွဲကာ သွားလာနိုင်ပြီဖြစ်တယ်၊ အချို့အချိန်နောက်ကျပြီးမှာ ဝမ်းတည်၊ ဆီးတည်ပေးလို့ရနိုင်ပါတယ်။
ကလေးတွေကို မိဘတို့ မအိပ်ခင် ည (၁၀-၁၁) နာရီမှာ အိပ်ရာက နှိုးပြီး ဆီး၊ ဝမ်းတည်ပေးရင် နောက်ပိုင်း အကျင့်ပါသွားပြီး အိမ်ရာထဲ ဆီးဝမ်းပါတော့ဘူး။ မိဘက အိပ်ရေးပျက်မှာစိုးလို့ ဆီးမတည်မိရင် ကလေးက အိပ်ရာထဲ ဆီးပါတဲ့အကျင့်၊ အသက်ကြီးတဲ့ထိ မပျောက်နိုင်တော့ဘူး။ ညတိုင်းအနှီးယို အိပ်ရာခင်းမလဲရတော့ရင် ဆီးဝမ်းမှန်ပြီလို့ သတ်မှတ်ကာ ကလေးကိုမိဘအိပ်ရာမှာ လွတ်လွတ်လပ်လပ် အိပ်စေနိုင်တယ်။ ဆီးသွားချိန်၊ ဝမ်းသွားချိန်၊ အချိန်မရွေး အိုးထိုးပေးဖို့ ခုတင်အောက်မှာ ထားရှိသင့်ပါတယ်။ ။ ဒေါက်တာလွင်သန့်