နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိနာသူများ သတိပြုလိုက်နာရန်

ဧပြီ   ၁၄

မြန်မာပြက္ခဒိန်ရာသီအရ တပေါင်းကုန်၍ တန်ခူးလဆန်းရောက်ပါပြီ။ ယခုရက်ပိုင်းအတွင်း ရာသီဥတုက သိသိသာသာအုံ့တုန့်တုန့်ဖြစ်နေပြီး၊ မြန်မာနိုင်ငံ၏ မြို့နယ်များစွာ၌ တချို့သောနံနက်ခင်းများတွင် မိုးဖွဲဖွဲရွာချ၍၊ ညနေစောင်းတွင်လည်း မိုးပေါက်ကျနေပါသည်။ သင်္ကြန်လက်ဆေးမိုး ရုတ်တရက်ရွာချ၍လည်းကောင်း၊ နွေနေပူပူဝယ် သင်္ကြန်ရေကစားပြီးနောက် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ အပူရှပ်တတ်သလို၊ မျက်စိနာခြင်းလည်း ဖြစ်လာတတ်သည်။ “မျက်စိနာတယ်”ဟုဆိုကြသော်လည်း အမှန်စင်စစ် မျက်လုံး၏ အဖြူရောင်အသား (Sclera)ကို ကာကွယ်ပေးထားသည့် အမြှေးပါးအကြည်လေး (Conjunctiva)ရောင်ရမ်း ခြင်းဖြစ်ပါသည်။

၄င်းကို ဆေးသိပ္ပံနည်း အရ Conjunctivitis ဟုခေါ်ကာ အင်္ဂလိပ်လို Pink Eye ဟုခေါ်ဆိုကြသည်။ မြန်မာနိုင်ငံဒေသတချို့တွင် ဒေသအခေါ်အရ “မျက်စိကျိန်းတယ်” ဟုဆိုကြသည်။ များသောအားဖြင့် မျက်စိတစ်ဖက်ချင်းစီမှ စတင်၍စူးရှနာကျင်တတ်ပြီး၊ လက်(သို့မဟုတ်)မျက်နှာသုတ်ပုဝါ (သို့မဟုတ်) ခေါင်းအုံးစွပ်များမှတဆင့် မျက်စိနာတစ်ဖက်မှ နောက်တစ်ဖက်သို့ ရောဂါကူးစက်သည်။ ထို့အပြင် မျက်စိနာကို ကိုင်တွယ်ပွတ်သပ်မိသောလက်ချောင်းများမှတဆင့် တခြားသူတစ်ဦးဦးဆီသို့လည်း မျက်စိနာရောဂါ ကူးစက်ပြန့်ပွားနိုင်ပါသည်။
ရာသီကူးပြောင်းခြင်းကြောင့် မျက်စိနာခြင်းက ပျမ်းမျှ ၃ ရက် မှ ၅ ရက်ထိပိုမကြာတတ်ပေ။ သို့သော် ၅ ရက်ကျော်သွားသည်အထိ မျက်စိနာနေခြင်းသည် ဗိုင်းရပ်စ်ကြောင့်မဟုတ်ဘဲ ပိုမိုစိုးရိမ်ဖွယ်ရာအကြောင်း အရင်းတစ်ခုခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် မပေါ့ဆသင့်ဘဲဆရာဝန်နှင့်မဖြစ်မနေပြသင့်ပါသည်။ မျက်စိ နာသောအခါ မျက်လုံးနီရဲရောင်ရမ်းခြင်း၊ မျက်ရည်ပူများပုံမှန်ထက်ပိုကျခြင်း၊ မျက်လုံးထဲ၌ ပြင်ပကအမှုန် အမွှားပစ္စည်းတစ်ခုခုဝင်ရောက်နေသလို ခိုးလိုးခုလုခံစားရတတ်ခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း၊ မျက်ဝတ် (ဝါဖန့်ဖန့်မျက်ချေး)များထွက်လာခြင်း စသည်တို့ခံစားရသဖြင့် လူကို ကသိကအောက်ဖြစ်စေ ပါသည်။

အောက်ပါနည်းလမ်းများက မျက်စိနာရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ ခေါင်းလျှော်ခြင်း၊ စာကြာကြာဖတ်ခြင်း၊ တီဗီ၊ ကွန်ပျူတာကြည့်ခြင်း စသည်တို့ကို လုံးဝရှောင်ကြဉ်သင့်ပါသည်။ တွေထဲမှာ Neomycin, Norfloxacin, Ofloxacin စသည့် ပဋိဇီဝပိုးသတ်ဆေးများပါဝင်သော မျက်စဉ်းဆေးရည်သုံးပါ။

အခြေအနေဆိုးပါက Dexamethasone (ခေါ်) ရောင်ရမ်းယားယံခြင်းကိုသက်သာစေသည့်
စတီးရွိုက်တစ်မျိုးပါဝင်သည့်မျက်စဉ်းကို မဖြစ်မနေ ခတ်ပေးသင့်ပါသည်။ မျက်စိကို ခဏခဏပွတ်ခြင်းလုံးဝမပြုရ။ နာကျင်ရောင်ရမ်းယားယံမှု သက်သာ စေရန်အတွက် သန့်စင်သည့်အဝတ်စ(သို့မဟုတ်) ပတ်တီးစတစ်ခုကို ရေအေးအေးတစ်ခွက်တွင် နှစ်စိမ်ပြီးနောက် ရေကိုညှစ်ထုတ်ပြီး ၄င်းအဝတ်စဖြင့် မျက်စိပေါ်တင်ထားပေးပါ။ Cetrizine (သို့မဟုတ်) Fenofexadine ဆေးကို တစ်နေ့နှစ်လုံးလောက်ခြင်းဖြင့် ရောင်ရမ်းယားယံခြင်းမှ  သက်သာစေပါသည်။ တတ်နိုင်သမျှ မျက်လုံးကိုအနားပေးပါ။ အထူးသဖြင့် ဖုန်း၊ တီဗွီကြည့်ခြင်းမှရှောင်ပါ။ အပြင်သွားလျှင် နေကာမျက်မှန်တပ်ပေးပါ။ မျက်စိနာရောဂါဖြစ်ပါက မျက်နှာကို နံ့သာဖြူ၊ တောင်တန်ကြီးလုံးဝမလိမ်းပါနှင့်။ မြင်းသား၊ ငါးသလောက်၊ ငါးဇင်ရိုင်း၊ ကြပိုးဝါးမျှစ်နှင့် မျှစ်ချဉ်အမျိုးမျိုး၊ ဒညင်းသီး(တညင်းသီး)၊ သရက်သီး မစားပါနှင့်။ အရက်သေစာများ၊ ဆေးရွက်ကြီးပါသော ဆေးလိပ်၊ ကွမ်းယာတို့ မစားသင်ပေ။    

   ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ