နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယမကာသုံးစွဲမှု လျော့နည်းရေးကြိုးပမ်း

ဧပြီ   ၁၄
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် လူဦးရေသန်း ၂၀၀ ကျော်သည် အရက်ကို စွဲစွဲ မြဲမြဲသောက်သုံးကြောင်းနှင့် သန်း ၈၀ နီးပါးမှာ အရက်ယမကာကြောင့်ဖြစ်သော ဝေဒနာများခံစားနေရသည်ဟု လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကို လျော့နည်းစေရေးအတွက် ဥပဒေအကြောင်းအရ ပညာပေးမြှင့်တင်ခြင်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ နေထိုင်မှုပုံစံပြောင်းလဲမှုကို အကြောင်း အမျိုးမျိုးပြပြီး အရက်သောက်သုံးသူများ ပိုမိုများပြားလာ၏။ အသက်ငယ်ရွယ်သူများအပြင် မိန်းကလေးများ လည်း သောက်သုံးလာကြသည့်အတွက် ယမကာအန္တရာယ်သည် တစ်နေ့တစ်ခြား ကြီးမားလာသည်။
ယမကာအရက်ကို မသောက်ရမနေနိုင်သည့် အရက်စွဲရောဂါခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ဓာကိုယ်ထဲရှိ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးရပြီး နောက်ဆက်တွဲရောဂါပေါင်းစုံရရှိကာ အသည်းခြောက် ရောဂါခံစားရပြီး အသက်အန္တရာယ်ကို ဖြစ်စေသည်။ စိတ်ပိုင်းဆိုင်ရာအရ စိတ်ကယောင်ကတမ်းဖြစ်ခြင်း၊ လှုံ့ဆော်မဲ့အာရုံများကြားရခြင်း၊ အာရုံကြောများထုံထိုင်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အသားများ တဆတ်ဆတ် တုန်ခြင်း၊ အရက်သောက်သုံးသူတချို့တွင် စိတ်ဓာတ်ကျရောဂါများ စွဲကပ်တတ်သည်။
ဈေးကွက်ထဲ ထိုးဖောက်ဝင်ရောက်လာသော မည်သို့သော အရက်ပင်ဖြစ်စေ တန်ဆေးလွန်ဘေးဆိုသော စကားအတိုင်း ကိုယ့်ရေချိန်နှင့်ကိုက်ညှိသောက်သုံးခြင်းမှ တဖြည်းဖြည်းလျှော့သောက်ကာ နောက်ဆုံး အရက်လုံးဝဖြတ်နိုင်မှသာ သက်ရှည်ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အရက်စွဲလမ်းသူတို့တွင် ဦးနှောက်အလုပ်လုပ်မှု မူမမှန်ခြင်း (စိတ်ရှုပ်ထွေးခြင်း) ကိုယ်ခန္ဓာအမွေးအမျှင် ကျဲပါးလာခြင်း၊ သွေးကြောငယ်များ ထုံးခြင်း၊ ကြွက်သားအားနည်းလာခြင်း၊ အသည်းကျုံ့ပြီးမာကျောလာ ခြင်း၊ လက်ဝါးနီခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသည်းရောင်၊ အသားဝါရောဂါကြောင့် အရေပြားဝါပြီး ယားယံခြင်းတို့ ဖြစ်ပေါ်စေသည်။
ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အရက်ယမကာသောက်သုံးမှုလျော့နည်းကျဆင်းပြီး ကျန်းမာကြံ့ခိုင်သော လူမျိုးဖြစ်ရေးကြိုးပမ်းဆောင်ရွက် ရာတွင် အရက်ယမကာသောက်သုံးမှု လျော့နည်းစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ