နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် ခရီးဝေးရထား လူစီးတွဲများ လျှော့ချသွားမည်

ရန်ကုန်ဘူတာကြီးမှ နေ့စဉ်အမြန်ရထား ၇ စင်းဖြင့် ခရီးဝေးပြေးဆွဲပေးလျက်ရှိရာ ယခုအခါ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသည့် ခရီးဝေးရထားများတွင် စီးနင်းသည့်ခရီးသည်ဦးရေ နည်းပါးလာမှုကြောင့် လူစီးတွဲများ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည် ။ မြန်မာ့မီးရထားတာဝန်ရှိသူတို့က ခရီးသည်များစီးနင်းသည့်အခြေအနေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်း တင်ပြီး စီးနင်းမှုနည်းပါးသည့် ရထားတွဲဆိုင်းများမှ လူစီးတွဲဆိုင်းများကို လျှော့ချသွားမည်ဖြစ်သည်။ ရန်ကုန်ဘူတာကြီးမှ နေ့စဉ်ထွက်ခွာပြေးဆွဲလျက်ရှိသည့် ခရီးဝေးရထားများဖြစ်သည့် ရန်ကုန်ဘူတာကြီးမှ မန္တလေးသို့ပြေးဆွဲသည့် အမြန်ရထား ၃ စင်း ၊ မော်လမြိုင်သို့ပြေးဆွဲသည့် ရထား ၂ စင်း ၊ ပုဂံသို့ပြေးဆွဲသည့် ရထား ၁ စင်းတို့တွင် ခရီးသည်စီးနင်းမှုများမှာ မတ် ၂၅ ရက်တွင် ခရီးသည် ၃၂၉၇ ဦး ၊ မတ် ၂၆ ရက်တွင် ၂၇၉၄ ဦး ၊ မတ် ၂၇ ရက်တွင် ၂၂၀၃ ဦး ၊ မတ် ၂၈ ရက်တွင် ၁၈၈၃ ဦး စီးနင်းခဲ့ပြီး ခရီးသည်ဦးရေ တဖြည်းဖြည်း လျော့နည်းလာမှုကြောင့် လူစီးတွဲများကို လျှော့ချရခြင်းဖြစ်ကြောင်း ဦးဇော်လွင် (သွားလာရေးတိုင်းမန်နေဂျာ) အမှတ် ( ၇ ) မြန်မာ့မီးရထားထံမှ သိရှိရသည်။ သင်္ကြန်ကာလအတွင်း ရန်ကုန်ဘူတာကြီးမှ မန္တလေးဘူတာကြီးသို့ပြေးဆွဲပေးသည့် အမှတ် (၅) အဆန်ရထား ၊ အမှတ် (၆) အစုန်ရထား ၊ ရန်ကုန်ဘူတာကြီးမှ ပြည်ဘူတာသို့ပြေးဆွဲသည့် အမှတ် (၇၁) အဆန်ရထား ၊ အမှတ် (၇၂) အစုန်ရထား ၊ ရန်ကုန်ဘူတာကြီးမှ ပုဂံဘူတာသို့ပြေးဆွဲသည့် အမှတ် (၆၁) အဆန်ရထား ၊ အမှတ် (၆၂) အစုန်ရထားများကို သင်္ကြန်ကာလအတွင်း ရပ်နားထားမည်ဟု သိရသည်။ ကျန်ရထားများကို ပုံမှန်ပြေးဆွဲသွားမည်ဖြစ်သည်။ ကြည့်မြင်တိုင်ဘူတာမှ ထွက်ခွာသည့် ပြည်စာပို့ ရထား ၊ သာရဝေါရထားတို့မှာ ရထား ၁ စင်းလျှင် ခရီးသည်အနည်းဆုံး ၅၄၁ ဦး ၊ အများဆုံး ၉၇၆ ဦးထိ စီးနင်းလျက်ရှိပြီး ခရီးသည်စီးနင်းမှု များပြားလျက်ရှိသဖြင့် အဆိုပါရထားများကို ရပ်နားခြင်း၊ လူစီးတွဲများလျှော့ချခြင်းမရှိကြောင်း သိရသည်။ အောင်သူရ






အခြားဆက်စပ်သတင်းများ