ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဆိုင်များတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလဆန်းပိုင်း၌ ရောင်းချနေသော ဈေးနှုန်းထက် မတ် ၃၁ ရက်တွင်ရောင်းချသော ဈေးနှုန်းမှာ ယမန်နှစ် သင်္ကြန်နီးကပ်ချိန် ရောင်းချသော စက်သုံးဆီဈေးနှုန်းထက် အနိမ့်ဆုံးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များမှ သိရသည်။ မတ် ၃၁ ရက်တွင် အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၄၀၀ ၊ အောက်တိန်း 95 တစ်လီတာလျှင် ကျပ် ၅၆၀ ၊ အောက်တိန်း 97 တစ်လီတာလျှင် ကျပ် ၈၅၀ ၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၅၃၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၅၄၀ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး မတ် ၂၀ ရက်က အောက်တိန်း 92 တစ်လီတာ လျှင် ကျပ် ၅၂၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ "အလုပ်ဆင်းတဲ့အခါ တစ်ဝက်အလုပ်ဆင်းပြီး တစ်ဝက်နားတဲ့ အလှည့်ကျစနစ်နဲ့ သွားနေပါတယ်။ ရန်ကုန်မြို့ရဲ့ စက်သုံးဆီဈေးကွက်မှာ ဒီလောက်ထိ ဈေးကျတာ မတွေ့ခဲ့ဘူး။ ပုံမှန်ဆိုရင် သင်္ကြန်နီးလာတဲ့ ဒီလတွေဟာ ရောင်းအားကောင်းပြီး ဈေးနှုန်းမာနေတဲ့အချိန်ပါပဲ။ ခရီးသွားကြဖို့ ပြင်ဆင်နေတဲ့အချိန်လည်း ဖြစ်တယ်။ အခုချိန်မှာ ဈေးနှုန်းအနိမ့်ဆုံးလို့ ပြောလို့ရတယ်" ဟု ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားကန်အနီးရှိ နယူးဝေးစက်သုံးဆီဆိုင်မှ ဦးသူရဝင်းအောင်ကပြောသည်။ စက်သုံးဆီဈေးနှုန်း ရန်ကုန်မြို့တွင် အနိမ့်ဆုံးသို့ ကျဆင်းသော်လည်း Taxi ဝန်ဆောင်ခမှာ ပြောင်းလဲမှု မရှိဘဲ မူလဈေးနှုန်းအတိုင်း ခရီးသွားများ ပေးရလျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးကာလ၌ စက်သုံးဆီဆိုင်ဝန်ထမ်းများ လျော့နည်းလာသည့်နည်းတူ တက္ကစီပြေးဆွဲမှုလည်း လျော့နည်း သွားကြောင်း သိရသည်။ "ဒီလောက်ထိ ဈေးနှုန်းတစ်ခါမှ မကျဖူးဘူး။ ရည်ရှည်ရပ်တည်ဖို့က လူကြီးတွေဆုံးဖြတ်မှာပါ။ ဝန်ထမ်း အချို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိဘတွေပြန်ခေါ်တာရှိမယ်။ ပြန်တာလည်းရှိတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတော့ရှိလာတယ်" ဟု မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းလမ်းဆုံရှိ Terminal-205 မှ ဦးဇော်မိုးဦးက ပြောသည်။ စက်သုံးဆီရောင်းဈေးနှုန်းမှာ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၈၁၀ မှ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ပေါက်ဈေးထက် ဆက်လက်ကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းထားကာ ထိုသို့ တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော စက်သုံးဆီဈေးနှုန်းကျဆင်းရခြင်းသည် လက်ရှိ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေ သော ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ၅၀ ရာခိုင်နှုန်း ဆက်နွှယ်မှုရှိနိုင်ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှာ ရွှေဈေးနှင့် ဒေါ်လာဈေးကျဆင်းခြင်း၊ ရေနံတင်ပို့သော UAE အုပ်စုဝင်နိုင်ငံများက ရုရှားနိုင်ငံနှင့်ယှဉ်၍ ဈေးလျော့တင်ပို့မှုကြောင့် အလုံးစုံတိုက်ဆိုင်သည့်အတွက် ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးနှုန်း အနိမ့်ဆုံးအဆင့် သို့ ကျဆင်းခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင်တို့က သုံးသပ်ထားသည်။ "နောက်ဆုံး ဆိုင်ပိတ်ရတဲ့အခြေအနေထိလည်း ဖြစ်နိုင်တယ်။ ဈေးထိုးကျတဲ့အတွက် အရှုံးများတယ်။ ကုစားဖို့ဆိုရင် ဈေးကို အားလုံးထိန်းညှိပြီး သုံးစွဲသူလည်းမထိခိုက်အောင် ညှိနှိုင်းလုပ်သင့်တယ်လို့ မြင့်တယ်။ အလွန်ဆုံး ကျပ် ၅၀၀ ကျော်ထိပဲ အနိမ့်ဆုံးဈေးကျခဲ့ဖူးတာ။ ဒီတစ်ခါတော့ အကျဆုံးပဲ"ဟု လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းရှိ ၃၆၀ ဆီဆိုင်မှ ဦးတင်ထူးအောင်က ပြောသည်။ ယနေ့ ရန်ကုန်မြို့တွင် သင်္ကြန်နီးကပ်ချိန်၌ ယမန်နှစ်တို့ထက် စက်သုံးဆီဈေးနှုန်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေကြောင်း သိရသည်။ သတင်း-၁၁၂၊ ဓာတ်ပုံ-ကနူး