ငလိုင်တွင်း ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ငလိုင်တွင်းကျေးရွာတွင် ဒေသခံများသည် မိရိုးဖလာလုပ်ငန်းဖြစ်သော နှီးဖျာ၊ ရိုင်ဖျာများ ရက်လုပ်ခြင်းလုပ်ငန်းများကို လယ်ယာလုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်လာကြကြောင်း သိရသည်။
အဆိုပါကျေးရွာရှိ ဒေသခံများသည် လယ်ချိန်၊ ယာချိန်များတွင် စပါး၊ နှမ်း၊ ကုလားပဲ စသည့် အသီးအနှံများကို စိုက်ပျိုးကြပြီး ဆောင်းရာသီနှင့်နွေရာသီတို့တွင် တောထဲမှဝါးခုတ်ပြီး နှီးဖျာ၊ ရိုင်ဖျာ ရက်လုပ်ခြင်းလုပ်ငန်းများကို မိသားစုဝင်ငွေရရှိစေရန် လုပ်ကိုင်ကြကြောင်းနှင့် ထိုကျေးရွာမှထွက်ရှိသော နှီးဖျာ၊ ရိုင်ဖျာများကို စလင်းမြို့ပေါ်သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
ဝါးခုတ်ရာတွင် ၁၂ တောင်ပြည့်သော ဝါးများကိုရွေးချယ်ခုတ်ကြပြီး ယင်းနောက် ဝါးခွဲခြမ်းများပြုလုပ်ကာ အကြောထိုးရကြောင်း၊ အကြောထိုးပြီး သားနှီးချောများကို တစ်ရက်နေလှန်းရကာ နေလှန်းပြီးခြောက်မှသာ ဖျာရက်လုပ်ကြကြောင်း သိရသည်။
ထိုသို့ နှီးဖျာ၊ ရိုင်ဖျာ ရက်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရာတွင် အမျိုးသားများက တောထဲသို့သွား၍ ဝါးခုတ်ခြင်း၊ ရရှိလာသောဝါးများကို ခွဲခြမ်းခြင်းများပြုလုပ်ကြပြီး အမျိုးသမီးများက ဝါးခွဲခြမ်းများအား အကြောထိုးခြင်း၊ အကြောထိုးပြီးသား နှီးချောများကို နေလှန်းခြင်းနှင့် ဖျာရက်လုပ်ခြင်းများ လုပ်ကိုင်ကြ ကြောင်း သိရသည်။
(မိုးယံထက်)