နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၀က်သက်ရောဂါ ရောဂါလက္ခဏာများ

ဧပြီ   ၆

၀က်သက်ရောဂါသည် လွန်စွာကူးစက်လွယ်သော ဝက်သက်ဗိုင်းရပ်စ်ပိုး(Measles Virus)ကြောင့် ဖြစ်ပွားရပြီး၊ ရောဂါရှင်ကလေးထံမှ နှာမွှန်၊ ချောင်းဆိုး၊ စကားပြောခြင်းဖြင့် လေထဲသို့ရောက်ရှိလာသော ဗိုင်းရပ်စ်ပိုးများကို ရှူရှိုက်မိရာမှ ကူးစက်ခြင်းဖြစ်သည်။ မြန်မာပြည်တွင်း ဝက်သက်ရောဂါဖြစ်ပွားမှုနှုန်းကို နှိုင်းယှဉ်ကြည့်ရာတွင် ခုခံအားနည်းပါးသော ကလေးများနှင့် ငွေကြေးချို့တဲ့သော မိသားစုမှကလေးတွေမှာ ပိုမိုဖြစ်ပွားနေသည်ကို တွေ့ရသည်။ အသက်အရွယ်အပိုင်းအခြားအားဖြင့် ပျမ်းမျှ ကိုးလသားမှ နှစ်နှစ်သားအရွယ်တွင် အများဆုံးဖြစ်လေ့ရှိပြီး၊ အသက် ၁၅ နှစ်အောက်အရွယ်ထိ ဖြစ်တတ်သည်။

ထို့အပြင် ကြီးမှဝက်သက်ပေါက်ဆိုသည့်စကားအတိုင်း အသက် ၂၀ ကျော် ၃၀ အရွယ် လူကြီးတွေမှာလည်း ဖြစ်တတ်သည်။ ရောဂါပိုးစတင်ဝင်ရောက်သည်မှ ရောဂါလက္ခဏာများ ပေါ်ပေါက်ချိန်အထိ ၇ - ၁၈ ရက်အထိ ကြာတတ်ပြီး၊ ပျမ်းမျှ ၁၄ ရက် ကြာမြင့်တတ်ပါသည်။ ဖျားနာပြီးနောက် အနီရောင်အဖုအပိမ့်တွေထွက်ကာ၊ ခန္ဓာကိုယ်အနှံ့ အဖုအပိမ့်တွေ စုံသည့်အခါ ရေချိုးချလိုက်ရုံနှင့် ဝက်သက်ရောဂါပျောက်ပြီဟု လူတချို့က ထင်မှတ်မှားနေကြသည်။

အမှန်စင်စစ် ဝက်သက်သည် အပေါ်ယံသာမြင်ရသော အရေပြားပေါ်တွင်သာဖြစ်သည့် ရိုးရှင်းသော ရောဂါမျိုးမဟုတ်ပေ။ အဆုတ်၊ အူလမ်းကြောင်း စသည့် ကိုယ်တွင်း ကိုယ်ပ ပျံ့နှံ့ဖြစ်ပေါ်သောရောဂါမျိုးဖြစ်၍မပေါ့ဆသင့်ပေ။ ကိုယ်ဝန်ဆောင်စဉ် ဝက်သက်ဖြစ်ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ပေါင်မပြည့် လမစေ့သော ကလေးမွေးခြင်း စသည်တို့ဖြစ်စေနိုင်ပါသည်။ ဝေဒနာသည်အများစုတွင်တွေ့ရသော ဝက်သက်ရောဂါလက္ခဏာများကို ဖော်ပြလိုပါသည်။ ကလေးသည် ရုတ်တရက်ကောက်ကာငင်ကာ အပြင်းဖျားလေ့ရှိသည်။
ဝမ်းလျှောခြင်း၊ နားအလယ်ခန်းရောင်ခြင်းဖြစ်တတ်သည်။ တစ်ခါတစ်ရံ တက်ဖျားကျဖျားတတ်သည်။ ကိုယ်အပူချိန်မှာ များသောအားဖြင့် ၁၀၃ - ၁၀၅ အတွင်း ရှိတတ်သည်။ ကလေးက နှာမွှန်လာပြီး မျက်လုံးများနီရဲ၍ မျက်ရည်ကျကာ ချောင်းဆိုးလာပါမည်။ ချောင်းဆိုးရလွန်းသောကြောင့် အသံပြောင်းသွားပြီး မျက်ခွံများလည်း မို့မောက်နီမြန်းလာပါလိမ့်မည်။ ကလေးသည် နေအလင်းရောင်ကို ကောင်းစွာမကြည့်နိုင်ဘဲ၊ မကြည်မသာလည်း ဖြစ်နေတတ်ပါသည်။

နို့စို့အရွယ်ဆိုလျှင် နို့ကောင်းကောင်း မစို့နိုင်တော့ပေ။ ကလေးကြီးများဆိုလျှင် မည်သည့်အစာမျှ စားချင်စိတ်မရှိတော့ပါ။ ထိုရောဂါလက္ခဏာများဖြစ်နေချိန်မှာ ကလေးပါးစပ်ကိုဟ၍ စစ်ဆေးကြည့်မည် ဆိုပါက ပါးစပ်အတွင်းမှာ အဖြူကွက်ကလေးများကို တွေ့ရပါလိမ့်မည်။ ဆားပွင့်လေးများ တွယ်ကပ်နေသကဲ့သို့ ထင်ရသည်။ နောက်သုံးလေးရက်ခန့်အကြာမှာ ပါးစပ်အတွင်းမှ အဖြူကွက်ကလေးများ တစတစလျော့ နည်းသွားပြီး အနီပြောက်အကွက်ကလေးများ မျက်နှာပေါ်မှာ စတင်ပေါ်လာပါမည်။

မိတ်အဖုလေးများကဲ့သို့ အနီဖုလေးများသည် နဖူးပြင်ဆံစပ်တစ်လျှောက်နှင့် နားရွက်နောက်တို့မှာ စတင်ပေါ်ထွက်လာပါမည်။ တစ်ရက်နှစ်ရက်အတွင်း ၄င်းအနီဖုလေးတွေ များပြားလာပြီး အပြွတ်လိုက် အပြွတ်လိုက် အနီပျဉ်ကွက်များအဖြစ် ပေါင်းစပ်လာကြသည်။ ၄င်းအနီပျဉ်ကွက်တွေက တစ်ခါတစ်ရံမှာ အရေပြားပေါ်သို့ပင် ကြွတက်လာနိုင်ပါသည်။ ထိုသို့ အနီပျဉ်ကွက်များပေါ်နေချိန်မှာ အဖျားဒီဂရီမြင့်တက်လေ့ ရှိပြီး ရောဂါလက္ခဏာများလည်း ပိုမိုပြင်းထန်လာတတ်သည်။ နောက်ထပ် နှစ်ရက် သုံးရက်ခန့်အကြာမှာတော့ အနီပျဉ်ကွက်များ အရောင်ဖျော့လာပြီး အရေပြားမှအဖတ်ကလေးများ ကွာကျတတ်လာသည်ကို တွေ့ရပါလိမ့်မည်။

ဝက်သက်ပေါက်ရုံနှင့် ကလေး၏အသက်အန္တရာယ် စိုးရိမ်စရာမရှိပါ။ သို့သော် မှန်ကန်သော ဆေးဝါးကုသမှုနှင့် ကြိုတင်ကာကွယ်မှုများ မပြုလုပ်ဘဲနေပါက နောက်ဆက်တွဲရောဂါများ ကပ်လာနိုင်ပါ၍ မပေါ့ဆသင့်ပေ။ ဝက်သက်ပေါက်နေစဉ် ကိုယ်ခံအားလျော့နည်းနေမည်ဖြစ်ရာ ဗက်တီးရီးယားပိုးမွှားများ ထပ်ဆင့်ဝင်ရောက်မှုကြောင့် အောက်ဖော်ပြပါ ရောဂါဝေဒနာများလည်း ထပ်ဆင့် ဝင်ကောင်းဝင်လာနိုင်ပါသည်။

နမိုးနီးယား (ခေါ်) အဆုတ်ရောင်ခြင်း၊ ဝမ်းပျက်ဝမ်းဖောဖြစ်လာကာ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဦးနှောက်အတွင်းသားရောင်ကာ ဦးနှောက်ပျက်စီးခြင်း၊ အူအတက်ရောင်ခြင်း၊ နားအတွင်းပိုးဝင်၍ နားကိုက်ခြင်း၊ မကြာခဏတက်တတ်ခြင်း၊ မျက်ခွံများ နာကျင်ရောင်ရမ်းနေခြင်း၊ မျက်လုံး၏ မျက်နက်သား များ အနာတရဖြစ်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ သေဆုံးခြင်း စသည်တို့ဖြစ်လာတတ်ပါသည်။ “ကာကွယ် ခြင်းသည် ကုသခြင်းထက်ကောင်း၏”  ဟူသောဆိုရိုးစကားအတိုင်း ရောဂါဖြစ်လာမှ ကုသခြင်းထက်၊ ရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားသင့်ပါသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော စီမံချက်နှင့်အညီ ပြည်သူလူထု မိဘအုပ်ထိန်းသူများအနေဖြင့် မလွဲမသွေ လိုက်နာဖို့လိုပါသည်။    
               
ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ