တာလေ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊တာလေမြို့တွင် ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေပိုင်းက ကားနှင့် ဆိုင်ကယ် အရှိန်ပြင်းစွာတိုက်မိရာက ဆိုင်ကယ်မောင်းလာသည့် အမျိုးသားမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွား ကြောင်းသိရသည်။
ဖြစ်စဉ်မှာ “၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက တာလေမြို့ဝင်ဆိုင်းဘုတ်အနီးတွင် တာချီလိတ်ဘက်မှ အမျိုးသားတစ်ဦးမောင်းနှင်လာသည့်ကားနှင့် တာလေဘက်ကအမျိုးသားတစ်ဦး မောင်းနှင်သွားသည့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းလာသူအမျိုးသားမှာနေရာ တွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မော်တော်ကားတွင် ယာဉ်မောင်းတစ်ဦးသာပါဝင်ပြီး ယာဉ်တိမ်းမှောက် သွားခဲ့သော်လည်း ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)သာ ”ရရှိခဲ့ခြင်းဖြစ်သည်။
ကားနှင့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် အရှိန်ပြင်းစွာတိုက်မိသည့်နေရာတွင် ကားသည်အရှိန်ပြင်းစွာ တိုက်မိသဖြင့် လမ်းဘေးတွင်တိမ်းမှောက်ကျသွားပြီး ဆိုင်ကယ်မှာပျက်စီးသွားခဲ့ကြောင်းနှင့် သေဆုံးသွားသော ဆိုင်ကယ်သမားကို တာလေတိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့တာလေနယ်မြေရဲစခန်းမှ ဥပဒေအရ ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။
အောင်ကျော်မိုး (တာ လေ)