နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန်မှ ရေစီးရေလာနှင့် ရေဆိုးသန့်စင်မှု စနစ် ကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေတို့သည် ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်အောင်၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ဌာနမှူး ဒေါက်တာတိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီတွင် လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်း ရွာသစ်ချောင်း ရေထိန်းတံခါးသို့ သွားရောက်၍ ရေထိန်းတံခါးကြံ့ခိုင်ရေး၊ ရန်ကုန်မြစ်ရေတက်ချိန် မြို့တွင်း ရေဝင်ရောက်မှု ကာကွယ်ရေးအတွက်သတိပေးရန် ဆက်သွယ်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ ကြပ်မတ်ညွှန်ကြားခဲ့ပါသည်။ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအဖွဲ့အနေဖြင့် ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်းကြီးများ၊ မြေအောက်မြောင်းများအား စဉ်ဆက်မပြတ် ရှင်းလင်းလျက်ရှိကြောင်း၊ မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းပါက မြို့တွင်းရေလျှံမှု မဖြစ်စေရန် ရေထိန်းတံခါးဖွင့်၍ ရန်ကုန်မြစ်အတွင်း စီးဆင်းစေသကဲ့သို့ ရန်ကုန်မြစ်ရေတက်ခြင်းကြောင့် မြို့တွင်းရေစီးဝင်မှု မဖြစ်စေရန် ရေထိန်းတံခါးပိတ်၍ ရေလျှံမှုမှ ကာကွယ်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ ရေဆိုးသန့်စင် စက်ရုံသို့ ရောက်ရှိပြီး ရေဆိုးသန့်စင်မှုစနစ်၊ သန့်စင်ပြီး ရေဆိုးအား ရန်ကုန်မြစ်အတွင်း စွန့်ထုတ်မှု စနစ်၊ ကြွင်းကျန်သည့် အနည်အဖတ်များမှ ဓာတ်မြေဩဇာထုတ်လုပ်မှုစနစ်၊ ဓာတ်ခွဲခန်းတွင် စစ်ဆေးတိုင်းတာသည့် စနစ်များအား လိုက်လံကြည့်ရှုစစ်ဆေး၍ စက်ပစ္စည်းများ၊ ရေဆိုးကန်များ ကြံ့ခိုင်ရေး၊ ပြုပြင်ထိန်းသိမ်းမှုများအား နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လုပ်ငန်းများသတ်မှတ် ဆောင်ရွက်ရေး၊ ဝန်ထမ်းများလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လမ်းညွှန်မှာကြား ခဲ့သည်။ အဆိုပါ ရေဆိုးသန့်စင်စက်ရုံသည် ရန်ကုန်မြို့ မိလ္လာပြွန်စနစ် ဧရိယာဖြစ်သည့် မြို့တွင်း(၆)မြို့နယ်တွင် နေထိုင်သည့် လူဦးရေ ၃ သိန်းမှ နေ့စဉ် စွန့်ထုတ်သည့် မိလ္လာ ၁၄၇၇၅ ကုဗမီတာအား သန့်စင်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်မှစ၍ မြို့တွင်း(၆)မြို့နယ်မှ ၂၄ လက်မနှင့် ၃၆ လက်မ မိလ္လာပိုက်များဖြင့် ဝင်ရောက်သည့် ရေဆိုးများအပြင် ရေပုပ်စုပ်ယာဉ် အစီး(၈၀)ဖြင့် သယ်ဆောင်သည့် မိလ္လာရည်များကိုပါ နေ့စဉ် သန့်စင်ပေးလျက်ရှိကြောင်း သိရသည်။

    ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းရှိ လေမှုတ်စက်ရုံသို့ ရောက်ရှိပြီး လည်ပတ်နေမှု ရပ်နားထားသည့် ကျောက်မီးသွေးလောင်စာသုံး ဘွိုင်လာများနှင့် လက်ရှိလည်ပတ်နေသည့် လျှပ်စစ်လေမှုတ်စက်များ လုပ်ငန်းဆောင်ရွက် နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လေမှုတ်စက်ရုံသည် မြို့ပြအမွေအနှစ် အဆောက်အဦ ဖြစ်သဖြင့် ရှေးမူမပျက် ထိန်းသိမ်းရေး၊ ပြည်တွင်းပြည်ပ ဧည့်သည်များ လေ့လာနိုင်သည့် ပြတိုက်အဖြစ် ခင်းကျင်းပြသရေး၊ စက်များစနစ်တကျ ပုံမှန်လည်ပတ်ရေးနှင့် စက်များ ကြံ့ခိုင်ရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ လေမှုတ်စက်ရုံအား ၁၈၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျောက်မီးသွေး လောင်စာသုံး ဘွိုင်လာ(၃)လုံးဖြင့် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၆၁-၁၉၆၂ ခုနှစ်မှစ၍ လျှပ်စစ်လေမှုတ်စက်များ အားဖြည့်တပ်ဆင်ပြီး နောက် ၁၉၆၃-၁၉၆၄ ခုနှစ်တွင် ကျောက်မီးသွေး လောင်စာသုံးဘွိုင်လာစနစ်ဖြင့် လည်ပတ်မှုအား ရပ်နားခဲ့ကြောင်း၊ ရန်ကုန်မြို့တော် မိလ္လာပြွန်စနစ်ဧရိယာအတွင်းရှိ စွန့်ပစ်မိလ္လာများအား ရေဆိုးသန့်စင်စက်ရုံသို့ စနစ်တကျ ရောက်ရှိစေရန် မိလ္လာပိုက်လိုင်းကြီး ၂ လိုင်းနှင့် လေဖိအားသုံး မိလ္လာတွန်းစက်များအတွက် လေဖိအားကို လေမှုတ်စက်ကြီးများဖြင့် ထုတ်လွှတ်ပေးလျက် ရှိကြောင်း သိရသည်။

(မြို့တော်စည်ပင်)






အခြားဆက်စပ်သတင်းများ