နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မယ်စဲ့မြို့နယ်တွင် ဥယျာဉ်ခြံထွက်သီးနှံ ကွမ်းသီးများဆွတ်ခူးချိန် ပုံမှန်ဝင်ငွေရရှိ

မယ်စဲ့  ဖေဖော်ဝါရီ  ၂၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရေမြေအဆင်ပြေသော ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးထားသည့် ကွမ်းသီးပင်များဆွတ်ခူးချိန် ဈေးကွက်ကောင်းမွန်သဖြင့် ပုံမှန်ဝင်ငွေရရှိကြောင်း ခြံပိုင်ရှင် များထံမှ သိရသည်။

ကွမ်းသီးပင်သည် ရေနှင့်အေးမြသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး စွတ်စိုစိမ့်အေးနေရာတို့တွင် အပင်ဖြစ်ထွန်းသဖြင့် မယ်စဲ့မြို့၌ စိမ့်စမ်းရှိ၍ အရိပ်ကောင်းသော ဥယျာဉ်ခြံမြေများ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ ကွမ်းသီးပင်တစ်ပင်လျှင် ပန်းခိုင်သုံးထွက်ရှိပြီး အချို့အပင်တွင် ပန်းခိုင်နှစ်ခိုင်သာထွက်ကာ မိုးကောင်း၍ရေရပါက သီးအားပိုကောင်းသည်။ ဒီဇင်ဘာလတွင် ကွမ်းသီးများရင့်မှည့်ကာ ဇန်နဝါရီလတွင် စတင်ဆွတ်ခူးနိုင်ပြီး ကွမ်းသီးပင်တစ်ပင်မှ အသီးသုံးကြိမ်၊ လေးကြိမ်ခန့်ဆွတ်ခူးနိုင်သည်။
ကွမ်းသီးခိုင်တစ်ခိုင်လျှင် သီးအားကောင်းပါက အလုံး ၃၀၀ အထိသီးပြီး မှည့်လာသောအသီးတို့ကို ချိတ်ဖြင့်ခူးကြသည်။ ခူးယူပြီးသော ကွမ်းသီးကိုအခွံခွာ၍ ရေဆေးပြီးနေလှမ်းသည်။ အချို့က အပင်ဖောက်ပြီး ရောင်းချသည်။ မယ်စဲ့ဒေသရှိ ဥယျာဉ်ခြံများ၌ ကွမ်းသီးအဝိုင်းမျိုးကို စိုက်ပျိုးကြသည်။

“ယခုဆိုရင် ကွမ်းယာစားသုံးမှုများပြားလာတာနဲ့အမျှ ကွမ်းသီးဈေးကွက်လည်း ကောင်းမွန်လာတဲ့ အတွက် ကွမ်းသီးအခြောက်တစ်ပိဿာကို ကျပ် ၉၀၀၀ နဲ့ရောင်းရတယ်။ ဒေသထွက်ကွမ်းသီးကို မြို့နယ်တွင်း စားသုံးသူတွေအပြင် ဖရူဆိုမြို့ကို တင်ပို့ရောင်းချရတယ်။ အရင်နှစ် နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ဖွင့်တုန်း ကတော့ ထိုင်းနိုင်ငံက အနီးအနားကျေးရွာတွေကိုပါ ရောင်းချရတယ်။ ဒေသခံတွေ ကွမ်းယာစားသုံးမှုနဲ့အတူ ကွမ်းသီးဈေးကွက် ပုံမှန်ရှိတဲ့အတွက် ခြံပိုင်ရှင်တွေအတွက်တော့ ကွမ်းသီးဆွတ်ခူးချိန် ပုံမှန်ဝင်ငွေရရှိတယ်” ဟု ကွမ်းသီးပင်စိုက်ပျိုးထားသူ ခြံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဝတ်ရည်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ