ကောလင်း မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် လယ်ယာလုပ်ငန်းသိမ်းဆည်းပြီးသည့်အချိန်တွင် ကျေးရွာ အချို့ရှိ ဒေသခံပြည်သူများက မိသားစုဝင်ငွေရရှိရေးအတွက် ဝက်သားပေါက်ရောင်းဝယ်လုပ်ကိုင်ကြသူများ အများအပြားရှိနေပြီး ဝက်သားပေါက်ဝယ်ယူရောင်းချသည့်လုပ်ငန်းမှာ မိသားစုအတွက် အဆင်ပြေသလို ဝက်သားပေါက်ငယ်များကို စျေးကောင်းပေးဝယ်နေကြသဖြင့် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်းမှာ အကျိုး ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
''ကောလင်းမြို့နယ်မှာရှိတဲ့ ကျေးလက်ဒေသတွေက ဒေသခံပြည်သူတွေဟာ မြေယာစီးပွားရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြတာပါ။ အခုနောက်ပိုင်းမှာ ဒေသခံတွေက တောင်သူလုပ်ငန်းနှင့်တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်းကို စမ်းသပ်လုပ်ကိုင်လာတာ တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းလာပါတယ်။ ဒါကြောင့်အခုနောက်ပိုင်း ကျေးလက်ဒေသတွေမှာ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူ ရေးလုပ်ငန်းကို စီးပွားဖြစ်မွေးမြူလာကြပါတယ်။ ဝက်သားပေါက်မွေးမြူရေးလုပ်ငန်းက တစ်သားမွေးဖို့အတွက် လေးလပဲစောင့်ရပါတယ်။ တစ်နှစ်ကိုဝက်သားပေါက်သုံးသားမွေးပါတယ်။ ဝက်သားမွေးပြီး တစ်လခွဲသားရှိတာ နဲ့ ဝက်သားပေါက်ဝယ်သူတွေက အိမ်ကိုလာပြီး စရန်ငွေသဘောပေးပြီး အပြိုင်အဆိုင်ဝယ်နေကြတာပါ'' ဟုကောလင်းမြို့နယ် မန်ကျည်းကုန်းကျေးရွာမှ ဝက်သားပေါက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ဝက်သားပေါက်ငယ် စီပီ၊ ဂျူးဒေါ့၊ ပီထိုင်း၊ ဂျီဝိုင်အမ်၊ ဘိုကိတ်စသည့် မျိုးရိုးဗီဇပေါ်မူတည်၍ တစ်ကောင်ကို ကျပ် ၆ သောင်းမှ ၈ သောင်းအထိ စျေးနှုန်းရှိပြီး ကောလင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်ပိုင် တစ်နိုင် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လာကြသဖြင့် ဒေသခံပြည်သူများ အတွက် များစွားအကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)