နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုကလေးနှင့် ဖျာပုံမြို့နယ်ပင်လယ်ကမ်းခြေဒေသများတွင် ဒစ္စကိုပိုက်လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လာ

ဖျာပုံ  မေ  ၁၄

ဘိုကလေးနှင့် ဖျာပုံမြို့နယ် ပင်လယ်ကမ်းခြေဒေသများတွင် ဒစ္စကိုပိုက်လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လာနေကြောင်း ဘိုကလေးမြို့နယ်၊ ပင်လယ်ကမ်းခြေဒေသ၊ ကဒုံကနိကျေးရွာအုပ်စု၊ တောင်သာကျေးရွာနေ ပင်လယ်ရေလုပ်ငန်းပိုင်ရှင် ဦးကျော်ဝင်းထံမှသိရသည်။

ယခုနှစ်တွင် မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသ ဖျာပုံ၊ ဘိုကလေးနှင့် လပွတ္တာမြို့နယ် ပင်လယ် ကမ်းခြေဒေသများတွင် လူဆွဲပိုက်လုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်နေကြောင်း ဘိုကလေးမြို့နယ်၊ ကဒုံ ကနိကျေးရွာအုပ်စု၊ တောင်သာကျေးရွာရှိ လူဆွဲပိုက်လုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်ဝင်းထံမှ သိရသည်။ လူဆွဲပိုက်လုပ်ငန်းသည် မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများ၏ ပင်လယ်ရေလုပ်ငန်းတစ်ခုဖြစ်သည်။

ပင်လယ်ရေလုပ်သားနှစ်ယောက်နှင့် အကူလုပ်သားတစ်ယောက် စုစုပေါင်းသုံးယောက်နှင့် လုပ်ကိုင်ဆောင် ရွက်နိုင်သကဲ့သို့ ပင်လယ်ရေလုပ်သားများစွားနှင့်လည်း လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကမ်းခြေရေလုပ်ငန်း တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ငွေကြေးအင်အားရှိလျှင်ရှိသလောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်သကဲ့သို့ မိသားစုတစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သဖြင့် လက်လုပ်လက်စားအလုပ်သမားများပင် လုပ်ကိုင်ဆောင်ရွက် နိုင်သော ပင်လယ်ရေလုပ်ငန်းတစ်ခုဖြစ်သည်။ ဆင်းရဲချမ်းသာမရွေးလုပ်ကိုင်နိုင်သည့်အပြင် ပင်လယ်ပြင်သို့ သွားရောက်ခြင်းမပြုရဘဲ ကမ်းခြေဒေသမှာပင် လုပ်ကိုင်ဆောင်ရွက်နိုင်သဖြင့် ကမ်းခြေတစ်ခွင်တွင် လုပ်ကိုင် သူများပြားလာခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင်မူ မြစ်ဝကျွန်းပေါ်ပင်လယ်ရေလုပ်ငန်းရာသီတွင် ယခင်နှစ်ကထက် လုပ်ကိုင်သူ ပိုမိုများပြားနေကြောင်းသိရသည်။

အဆိုပါ “လူဆွဲပိုက်”လုပ်ငန်းမှာ လုပ်ကိုင်ဆောင်ရွက်ရသည်မှာလည်း လွယ်ကူသည်။ ကမ်းခြေမှရေလယ် ဖက်သို့ ခါးလယ်လောက်အထိ ရေအနက်နေရာတွင် လူနှစ်ယောက်က ငါးဖမ်းပိုက်ကို တစ်ဖက်တစ်ချက်စီမှ ကိုင်ဆွဲကာ ကမ်းခြေသို့ တစ်ဖြေးဖြေးပြန်တက်လာရသည်။ အကူလုပ်သားတစ်ယောက်က ကမ်းခြေမှနေ၍ ပုံးသို့မဟုတ် တောင်းကိုကိုင်၍ စောင့်နေသည်။

ပိုက်ကို သဲသောင်ရောက်သည့်အထိ ဆွဲယူကြသည်။ ထိုအခါကမ်းခြေတွင် စောင့်နေသည့် အကူလုပ်သားက ပိုက်တွင်ပါရှိလာသော ငါး၊ ပုစွန်များကိုကောက်ယူကာ အသင့်ရှိနေသော တောင်း သို့မဟုတ် ပုံးအတွင်းသို့ ထည့်သည်။  ထို့နောက် နောက်တစ်ကြိမ်ရေထဲသို့ ပြန်ဆင်းကာ ငါးပုစွန်များကို ဖမ်းယူကြပြန်သည်။  ငွေကြေးအင်အားရှိသူများကမူ ငါးဖမ်းပိုက်ကြီး များကိုအသုံးပြုကာ ရေလုပ်သားအင်အား ငါးယောက်၊ ဆယ်ယောက်စသည်ဖြင့် အသုံးပြုလုပ်ကိုင်ကြသည်။ ပင်လယ်ရေလုပ်ငန်းဖြစ်သော်လည်း ငါးဖမ်းစက်လှေမလို၊ ငါးဖမ်းလှေမလိုဘဲ ကမ်းခြေမှာပင် အန္တရာယ် ကင်းကင်းနှင့် လုပ် ကိုင်ဆောင်ရွက်ရသည့် ပင်လယ်ရေလုပ်ငန်းတစ်ခုဖြစ်သည်။ ငါးဖမ်းပိုက်ကိုလူအင်အားနှင့် ဆွဲယူကာ ငါးပုစွန်များကိုဖမ်းယူနေသဖြင့် အဆိုပါရေလုပ်ငန်းကို လူဆွဲပိုက်လုပ်ငန်းဟုခေါ်တွင်နေခြင်း ဖြစ် သည်။       

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ