နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သေနတ်သမားများက သားဖွားဆေးရုံကို ဝင်ရောက်တိုက်ခိုက်၍ ကလေးနှစ်ဦးအပါအဝင် လူ ၁၃ ဦး သေဆုံး

မေ ၁၃၊ ကာဘူးလ်

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့ရှိ သားဖွားဆေးရုံကို သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်နှစ်ဦး၊ မိခင်နှင့် သူနာပြု ၁၁ ဦး သေဆုံးခဲ့သည်။ သားဖွားဆေးရုံတွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဆောင်ရွက်ပေးနေသည့် ကဏ္ဍအချို့ရှိပြီး ဝန်ထမ်းအချို့မှာ နိုင်ငံခြားသားများဖြစ်သည်။ ပြီးခဲ့သည့်အင်္ဂါနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် ကလေးငယ်အများအပြား အပါအဝင် လူ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အရာရှိများက ပြောသည်။

ပေါက်ကွဲသံနှစ်ကြိမ် ကြားရပြီးနောက် သေနတ်ပစ်သံများထွက်ပေါ်လာခြင်းဟု ဒေသခံများက ပြောသည်။ သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဆေးရုံအတွင်း လူ ၁၄၀ နီးပါးရှိနေသည်ဟု အခင်းဖြစ်ပွားရာမှ ထွက်ပြေးလာသည့် ဆရာဝန်တစ်ဦးက ပြောသည်။ အာဖဂန်နစ္စတန်အထူးတပ်ဖွဲ့က နိုင်ငံခြားသားသုံးဦး အပါအဝင် အမျိုးသမီးနှင့် ကလေးငယ် ၁၀၀ ကို ကယ်တင်ခဲ့ကြောင်း အရာရှိတစ်ဦးက ပြောသည်။ သေနတ်သမားများက ရဲအရာရှိများကဲ့သို့ ဝတ်ဆင်ပြီး ဆေးရုံအတွင်း ဝင်လာခဲ့ခြင်းဟု ဆိုသည်။ လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုများ နာရီပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက် သေနတ်သမားများကို အသေဖမ်းဆီးရမိခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင်လည်း ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဈာပနအခမ်းအနားတွင် ဗုံးခွဲတိုက်ခိုက် မှုဖြစ်ပွားခဲ့၍ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ခိုက်မှု နှစ်ခုလုံးမှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ