နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကျဉ်းကျခံနေရသည့် နာဗယ်နီကို ထောက်ခံကြောင်း ဆန္ဒပြပွဲများတွင် လူ ၁၄၀၀ နီးပါး ဖမ်းဆီးခံရ

မော်စကို   ဖေဖော်ဝါရီ       ၃


အကျဉ်းကျခံနေရသည့် အတိုက်အခံခေါင်းဆောင် နာဗယ်နီကို ထောက်ခံအားပေးသည့်အနေဖြင့် ပြီးခဲ့သည့်အင်္ဂါနေ့က ရုရှားနိုင်ငံတွင် ဆန္ဒပြပွဲများ ကျင်းပခဲ့ရာ လူ ၁၄၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု အခွင့်အရေးစောင့်ကြည့်သူများက ပြောသည်။ မော်စကိုမြို့တွင် အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို တုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။


အသက် ၄၄ နှစ်ရှိသည့် နာဗယ်နီမှာ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံထားရသည့် အခြေအနေကို ချိုးဖောက်မှုအတွက် ပြီးခဲ့သည့်အင်္ဂါနေ့အစောပိုင်းက ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။ သို့သော် အဆိုပါအမှုမှာ အကွက်ချလုပ်ကြံမှုဖြစ်သည်ဟု နာဗယ်နီက ပြောသည်။


နာဗယ်နီမှာ ပြီးခဲ့သည့်သြဂုတ်လက အာရုံကြောထိခိုက်စေသည့် ဓာတုဆေးရည်ဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် သေလုနီးပါးဖြစ်ခဲ့ပြီး ဂျာမနီနိုင်ငံတွင် သွားရောက်ကုသမှုခံယူခဲ့ရသည်။ ပြီးခဲ့သည့်ဇန်နဝါရီလက ရုရှားနိုင်ငံသို့ ပြန်ရောက်လာချိန်တွင် ဖမ်းဆီးခံခဲ့ရသည်။ ယင်းကို အဆိပ်ခပ်ရန် ရုရှားသမ္မတပူတင်က ညွှန်ကြားခဲ့ခြင်းဟု နာဗယ်နီက ပြောသည်။ သို့သော် အဆိုပါစွပ်စွဲချက်ကို ခရင်မလင်နန်းတော်က ငြင်းဆန်ခဲ့သည်။


ပြီးခဲ့သည့်အင်္ဂါနေ့က ချမှတ်ခဲ့သည့် တရားရုံး၏ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ရှုတ်ချခဲ့ပြီး အတိုက်အခံခေါင်းဆောင် နာဗယ်နီကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် မော်စကိုမြို့လယ်တွင် ဆန္ဒပြသူ ရာပေါင်းများစွာ စုဝေးခဲ့ကြသည်။ ရုရှားနိုင်ငံ၏ မြို့ငယ်များတွင်လည်း နောက်ထပ် လူ ၁၅ ဦး ထိန်းသိမ်းခံခဲ့ရသည်။ ပြီးခဲ့သည့်လကလည်း ရုရှားနိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ၂ ရက်ကြာ ဖြစ်ပွားခဲ့ရာ လူထောင်ချီ ထိန်းသိမ်းခံခဲ့ရသည်။               


KNT






အခြားဆက်စပ်သတင်းများ