နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်ဝင်ချိန်တွင် ကျန်းမာရေးလုပ်ငန်းစဉ်များ လိုက်နာရန် တိုက်တွန်း

ရန်ကုန်   မေ    ၁၃

လက်ရှိ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း ရောဂါကူးစပ်ပြန့်ပွားမှု မရှိစေရန် တောင်သူဦးကြီးများအနေဖြင့် လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်ချိန်တွင် ကျန်းမာရေး လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

မကြာမီ မုတ်သုန်ကာလသို့ ကျရောက်တော့မည်ဖြစ်ပြီး တောင်သူဦးကြီးများအနေဖြင့် မိုးသီးနှံများ စိုက်ပျိုးရန် လယ်ယာလုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့်နည်းတူ နွေသီးနှံများရိတ်သိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည့်အတွက် ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း တောင်သူလယ်သမားများနှင့် မိသားစုဝင်များအားလုံး ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး နေထိုင် ဆောင်ရွက်ကြရန် အလွန်အရေးကြီးသောကြောင့် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ချိန်တွင် ကျန်းမာရေး လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။

တောင်သူဦးကြီးများအနေဖြင့် လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်ရာတွင်လည်းကောင်း၊ လယ်ယာ လုပ်ငန်းဆောင်ရွက်ရာတွင်လည်းကောင်း၊ အစားအစာ စားသောက်ရာတွင်လည်းကောင်း တစ်ဦးနှင့်တစ်ဦး လုံလောက်သော အကွာအဝေးဖြင့် နေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြရန် တိုက်တွန်းထားသည်။

ထို့အပြင် လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်ရာ၌ လက်ဆေးနိုင်ရန် ဆပ်ပြာကိုဆောင်သွားရန်၊ လယ်ယာသုံးကိရိယာများကိုမသုံးစွဲမီ သန့်ရှင်းရေးပြုလုပ်ရန်၊ လယ်ယာသုံးစက်ကိရိယာများကို ကိုင်တွယ် မသုံးစွဲမီနှင့် သုံးစွဲပြီးတိုင်း၊ အစာမစားမီနှင့် အစာစားပြီးတိုင်း လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာဆေးကြောရန်၊ မိုးရေစို၍ ဖျားနာခြင်းမဖြစ်စေရန် ခမောက်၊ မိုးကာ၊ ပက္ကလာ၊ လည်ရှည်ဖိနပ်များကို အသုံးပြုဝတ်ဆင်ရန်နှင့် ချောင်းဆိုး၊ နှာချေသည့်အခါတိုင်း တံတောင်ကွေးဖြင့် လုံခြုံစွာအုပ်၍ပြုလုပ်ရန်၊ (သို့မဟုတ်) နှာခေါင်းစည်း တပ်ဆင်ထားရန်တို့ကို လိုက်နာဆောင်ရွက်ရေး နှိုးဆော်ထားသည်။

တောင်သူဦးကြီးများအနေဖြင့် အထက်ပါလုပ်ငန်းစဉ်များအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ ကျင့်သုံးရမည့်အချက်များကို လိုက်နာကြခြင်းဖြင့် မိမိတို့၏ လယ်ယာလုပ်ငန်းများတွင် ကျန်းမာပျော်ရွှင်စွာ စိုက်ပျိုးထုတ်လုပ်ကြရန် အဆိုပါဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။    

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ