နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေးအတွက် မကြာမီဖွင့်လှစ်မည့် ဇေကမ္ဘာ Museum သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကြည့်ရှုလေ့လာ

ရန်ကုန်  ဇန်နဝါရီ  ၃၁


ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေးအတွက် မကြာမီဖွင့်လှစ်မည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဂေါက်ကွင်းအနီးတည်ဆောက်ထားသည့် ပထမဆုံး ပုဂ္ဂလိကရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum သို့ ဇန်နဝါရီ ၃၀ ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့် တာဝန်ရှိသူများသွားရောက် ကြည့်ရှုလေ့လာသည်။ ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇေကမ္ဘာ Museum အတွင်း လှည့်လည်ကြည့်ရှုရာ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေက ပြတိုက်တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရှေးဟောင်းပစ္စည်းများခင်းကျင်းပြသထားသည့် ပြခန်း များနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအားဆွဲဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ အဆိုပါ ပြတိုက်တွင် သမိုင်းမတင်မီခေတ်မှ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝစသောခေတ်အဆက်ဆက်မှ ကိုလိုနီခေတ်အထိလူ့အသုံးအဆောင်များ ဖြစ်သည့် လက်နက်၊ အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှုဆိုင်ရာပစ္စည်း ပြခန်းများ၊ မြန်မာမှုလက်ရာပန်းချီ-ပန်းပု-ရုပ်လုံးရုပ်ကြွ ပန်း ၁၀ မျိုး ပြခန်းများနှင့် ကုန်းနေ၊ ရေနေသတ္တဝါများ၏ မေးရိုး၊ သွား၊ ဦးခေါင်းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင်စသည့် ကျောက်ဖြစ်ရုပ်ကြွင်းပစ္စည်းမျိုးစုံ၊ နှစ်သန်း ၁၁၀ သက်တမ်းရှိအင်းဆက် မျိုးနွယ်စုပါဝင်သော မြန်မာ့ပယင်းတွင်းထွက်များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါးလူတူပရိုင်းမိတ် မေးရိုးနှင့်လက်မောင်းရိုးများ၊ နှစ်သန်း ၃၈၀ သက်တမ်းရှိ Trilobite ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သံခေတ်ကလူသေအလောင်းကို မြှုပ်နှံမှုများ၊ ကျောက်ခေတ်၊ သံခေတ်ရှေးဟောင်းလက်နက်ကိရိယာ များ၊  ကြေးခေတ်၊ သုဝဏ္ဏ ဘူမိခေတ်၊ ပျူခေတ်၊ ဟန်လင်းခေတ် စသည့် ခေတ်အဆက်ဆက်အသုံးအဆောင်ပစ္စည်း များ၊ ယွန်းထည်ပစ္စည်းအမျိုးမျိုးစသည်တို့ကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။ ဇေကမ္ဘာ Museum ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဂေါက်ကွင်းအနီးမြေဧက ၅ ဧကပေါ်တွင် စတုရန်းပေ ၁၆၀၀၀၀ ကျယ်ဝန်းသည့် လေးထပ်အဆောက်အအုံအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ဇေကမ္ဘာ Museum ကိုဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး ပြတိုက်ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်းနှင့် နိုင်ငံခြားသားများအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ကောက်ခံရန် သတ်မှတ်ထားကြောင်း  သိရသည်။


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ