နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင်

ရန်ကုန်  ဇန်နဝါရီ  ၃၁


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဦးဆောင်မှုဖြင့် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း  စောင့်ရှောက်ရေးအဖွဲ့နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်ပြည်သူ့ အိုးအိမ်အဖွဲ့ရုံး) အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားတပ်ဆင်သည့်အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီခွဲတွင် အဆိုပါအဆောက်အအုံမျက်နှာစာ၌ ကျင်းပသည်။ ဇန်နဝါရီ ၃၀ ရက်တွင် တပ်ဆင်သော မြို့ပြအမွေ အနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားသည် ၂၀၂၁ ခုနှစ်၏ ပထမဆုံးဖြစ်ပြီး ရန်ကုန်မြို့၏ ၃၇ ခု မြောက် တပ်ဆင်ခြင်းလည်းဖြစ်သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးစက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်နိုင်၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာဒေါ်မိုးမိုးလွင်တို့ တက်ရောက်ဖွင့်လှစ်ပေးသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ရန်ကုန်မြို့တော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူစဉ်ကတည်းက ရည်မှန်းချက် (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်ခဲ့ရာမှာ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ဖို့က  အဓိကတစ်ချက်ဖြစ်ပါတယ်။ ရန်ကုန်မှာ မြို့ပြအမွေအနှစ် အဆောက်အအုံတွေအများအပြားရှိတယ်။ အပြာရောင် ကမ္ပည်းပြားတပ်ဆင်တဲ့ ယခုအဆောက်အုံဟာအရေးကြီးတဲ့ အထိမ်းအမှတ်အဆောက်အအုံကြီးတစ်ခုလည်းဖြစ်ပါတယ်။  ရန်ကုန်မြို့ပိုမိုတိုးတက်ဖို့ အိမ်ရာစီမံကိန်းတွေကို ဒီနေရာကစခဲ့တာပါ။ အခုလို မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းခြင်းအားဖြင့် နိုင်ငံတကာခရီးသွားဧည့်သည် တွေကိုလည်း ပြသနိုင်မှာဖြစ်ပါတယ်။ ဒီအဆောက်အအုံဟာတစ်ချိန်ကအိမ်ရာနဲ့ပတ်သက်တဲ့ ပြည်သူတွေ အားကိုးအားထားပြုခဲ့ရတဲ့နေရာပါ။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ပေးနိုင်တဲ့ ဒီရုံးအဆောက်အအုံကြီး ရန်ကုန်မြို့တော်တည်ရှိနေသရွေ့ သမိုင်းကြောင်းအဖြစ်တည်ရှိနိုင်ရန် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ဖို့ ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အဆောက်အအုံကို ၁၉၂၃ ခုနှစ် မတ်လတွင် ရန်ကုန်စည်ပင် သာယာရေးအဖွဲ့၏ရုံးအဖြစ် မြန်မာပြည်ဘုရင်ခံ Sir Harcourt Butler က စတင် တည်ဆောက်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်စည်ပင်သာယာအဖွဲ့ အက်ဥပဒေပေါ်ပေါက်ခဲ့သော ရန်ကုန်စည်ပင်သာယာရေးအဖွဲ့သည် ၁၉၅၄ ခုနှစ်တွင် ပြည်သူ့အိုးအိမ် အဖွဲ့၊ ၁၉၇၂ ခုနှစ်တွင် အိုးအိမ်ဦးစီးအဖွဲ့၊ ၁၉၇၄ ခုနှစ်တွင် အိုးအိမ်ဌာန၊ ၁၉၉၀ ပြည့်နှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၁၅ ခုနှစ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနစသည်ဖြင့် အဆင့်ဆင့်အမည်ပြောင်းအသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး ယနေ့တိုင် အဆောက်အအုံကို အပြည့်အဝအသုံးပြုလျက်ရှိသည်။ “ ဒီရုံးအဆောက်အအုံစဆောက်စဉ် ပထမဆုံးရည်ရွက်ချက်က စည်ပင်သာယာရေး၊ နောက်ပိုင်း မြို့ပြဖွံ့ဖြိုးရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးအတွက် စီမံတဲ့ဌာနကြီးဖြစ်လာခဲ့တယ်။ စဆောက်ကတည်းက ရည်ရွယ်ချက်နဲ့ဆောက်ခဲ့တဲ့ ရုံးအဆောက်အအုံကြီး လက်ရှိ နှစ် ၁၀၀ နီးပါးရှိသည့်တိုင် အားကောင်းလုပ်ဆောင်နေဆဲ။ ရန်ကုန်မြို့တိုးတက်သာယာဖွံ့ဖြိုးရေးလုပ်ဆောင်ခဲ့တဲ့သမိုင်းကြောင့် အရေးကြီးတဲ့မြို့ပြအမွေအနှစ် သတ်မှတ်ပြီးအပြာရောင်ကမ္ပည်းပြားတပ်ဆင် ခြင်းဖြစ်ပါတယ်။ ကမ္ပည်းပြားတပ်ဆင်တဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့မှာအရေးကြီးတဲ့နေရာတွေဆို သမိုင်းကိုပိုပြီးသိ၊ ပိုပြီးတန်ဖိုးထားထိန်းသိမ်းဖို့နဲ့ မသိသေးတဲ့နေရာတွေ၊ ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ ဆက်စပ်ခဲ့တယ်ဆိုတဲ့ နေရာတွေကိုလည်းပိုပြီး လူသိများထင်ရှားလာအောင် ဖော်ထုတ်ခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာဒေါ်မိုးမိုးလွင်က ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းကကျင်းပသည့် အပြာရောင်ကမ္ပည်းပြားတပ်ဆင်ပွဲအခမ်းအနားတွင် မီဒီယာများကို ပြောကြားသည်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး ယခုတပ်ဆင်မှုမှာ ၂၀၂၁ ခုနှစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင်မှုတွင် ပထမဆုံးဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်ကာလ အခြေအနေပေါ်မူတည်ကာ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် မြို့ပြအမွေအနှစ်အဆောက်အအုံများကို ယခုနှစ်အတွင်းဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း  သိရသည်။


 အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ