နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂန္ဓမာပန်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းသော်လည်း စျေးမကောင်း

ကောလင်း မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် သရက်အိုက် ကျေးရွာရှိ ဂန္ဓမာပန်းစိုက်တောင်သူများ ဂန္ဓမာပန်း အောင်မြင်ဖြစ်ထွန်းပေမယ့် စျေးမကောင်းသဖြင့် အခက်တွေ့နေကြောင်း သိရသည်။
''ဂန္ဓမာပန်းစိုက်ပျိုးလာတာ  ၁၅ နှစ်ကျော်ပါပြီ။ ပန်းမျိုးကို ပြင်ဦးလွင်ကမှာယူပြီး ဆန်းမားမျိုးပင် ၁၅၀၀၀ စိုက်ပျိုးထားပါတယ်။ ဆန်းမားဂန္ဓမာပန်းက အတက်ဖဲ့ရ၊အဖူးချွေရ၍ အခြားဂန္ဓမာပန်းများထက် ကုန်ကျ  စရိတ်များပေမယ့်လူကြိုက်များသည့်အတွက် ဂန္ဓမာပန်းတစ်မျိုးတည်းကိုတာ နှစ်တိုင်းစိုက်ပျိုးပါတယ်။ အရင်က ၂ပင်တစ်စည်းကို ၄၀၀ကျပ်နှင့် ကောလင်းစျေးအပြင် အင်းတော်၊ဗန်းမောက် ၊မိုးညင်း၊မိုးကောင်း၊ မြစ်ကြီးနားစသည့်မြို့များသို့ သွားရောင်းတဲ့ ဖောက်သည်တွေက အိမ်မှာလာဝယ်ပါတယ်။

ယခုက COVID-19 ဖြစ်ပွားနေတဲ့ကာလအတွင်း ရထားလမ်း၊ကားလမ်းတွေပိတ်တော့ ကောလင်းစျေး တစ်ခုတည်းကိုသာ အမှီပြု၍ ရောင်းနေရသဖြင့်၂ပင်တစ်စည်းကို ၁၂၀ ခန့်သာ ရောင်းချရ၍ စျေးမကောင်းသဖြင့် အရင်းရအောင် မနည်းရောင်းချနေရပါတယ်''ဟု  ဂန္ဓမာပန်းစိုက်ပျိုးသူ သရက်အိုက်ကျေးရွာမှ မမေဝင်းကြည်က ပြောပြသည်။

''ဂန္ဓမာပန်းတွေကို ဖောက်သည်ယူပြီး ကောလင်းမြို့စည်ပင်သာယာစျေးမှာ ရောင်းချပါတယ်။ အရင်က ၂ ပင်တစ်စည်းကို ငွေကျပ် ၄၀၀ နဲ့ယူပြီး ၅၀၀ ရောင်းပါတယ်။ အခုက ၂ပင်တစ်စည်းကို ငွေကျပ် ၁၂ဝ နဲ့ယူပြီး ကျပ်၁၅၀၊၂၀၀သာရောင်းချရပါတယ်''ဟု ပန်းရောင်းသူ ဒေါ်မာမာလွင်ကပြောသည်။

ယင်းကျေးရွာသည် ဂန္ဓမာပန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ဆောင်းရာသီတွင် အဓိကစိုက်ပျိုးကြသော်လည်းယခုအခါ နွေ၊ မိုး၊ ဆောင်း ဆယ့်နှစ်ရာသီ စိုက်ပျိုး လာကြသဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ