နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသည်သွားလာမှုပေါ်မူတည်ကာ မြို့ပတ်ရထား ခေါက်ရေတိုးချဲ့ပြေးဆွဲရန် တင်ပြထား

ရန်ကုန်၊ ဇန်နဝါရီ ၂၃


COVID-19 ကပ်ရောဂါကြောင့် ရထားစီးနင်းသည့် ခရီးသည်နည်းပါးနေသည့်အတွက် လက်ရှိကာလတွင် ရုံးချိန်ကိုသာ အဓိကထားပြီး ပြေးဆွဲနေလျက်ရှိရာမှ ယခုနောက်ပိုင်း ရောဂါကူးစက်မှုနှုန်းလည်း ကျဆင်း       လာသလို သွားလာကြသည့်ခရီးသည်များပြားလာသည့်အတွက် မူလထက် ခေါက်ရေတိုးချဲ့ကာ ပြေးဆွဲရန် တင်ပြထားလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

"လက်ရှိမှာ ကျွန်တော်တို့က COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုတဲ့ မူဝါဒအောက်မှာ ကန့်သတ်ချက်နဲ့ ပြေးဆွဲနေရတာဖြစ်ပါတယ်။ အခုရထားဆိုရင် တကယ်တမ်းဆိုရင် ခရီးစဉ် ၁၂ ခုပဲ ပြေးနိုင်တာပေါ့နော်။ လိုအပ်ချက်အရရယ်၊ ဒီရောဂါကူးစက်မှု လျော့ပါးချက်တွေ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖြေလျှော့ပေးလာမှုအရ ကျွန်တော်တို့ကတော့ ပြန်ပြီးတော့ ကျွန်တော်တို့ သယ်ယူပို့ဆောင်ရေးကို အဆင်ချောအောင်လို့ ပြည်သူလူထု ရဲ့လိုအပ်ချက်အရတော့ စီစဉ်နေတာရှိတယ်။ လောလောဆယ်မှာက တင်ပြထားဆဲ အခြေအနေဖြစ်ပါတယ်" ဟု မြန်မာ့မီးရထား၊ တိုင်းအမှတ် (၇) ရန်ကုန်မှ မန်နေဂျာ (သွားလာ/စီမံကိန်း) ဖြစ်သူ ဦးကျော်မျိုးလွင်က ရှင်းပြသည်။

လက်ရှိကာလတွင် ရထားတွဲဆိုင်း သုံးခုကို အသုံးပြုကာ ဝန်ထမ်းများသွားလာရေးအတွက် အဆင်ပြေ ချောမွေ့စေရန် ရုံးချိန်ကိုအဓိကထားကာ ခရီးစဉ် ၁၂ ခုကို ပြေးဆွဲနေသော်လည်း ခရီးစဉ်လမ်းပိုင်းအလိုက် လိုအပ်ချက်များအရ တိုးချဲ့ပြေးဆွဲနိုင်ရန် အစီအစဉ်များလည်းရေးဆွဲထားပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ တင်ပြထားလျက်ရှိကြောင်း သိရသည်။

"COVID-19 မူဝါဒပေါ်မူတည်ပြီး လုပ်နေရတာဖြစ်လို့ ကျွန်တော်တို့ ဌာနတစ်ခုတည်းနဲ့ ဆောင်ရွက်လို့ မရဘူး။ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ လိုအပ်တဲ့တင်ပြမှုတွေနဲ့ ဆောင်ရွက်ရတာတွေ ရှိပါတယ်"ဟု ယင်းက ဆက်လက်ရှင်းပြသည်။ ထိုမြို့ပတ်ရထားခရီးစဉ်များမှာ ရန်ကုန်မြို့သို့ COVID-19 ကပ်ရောဂါ တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားမှု များပြားလာသည့် စက်တင်ဘာလအတွင်းမှ စတင်ကာ သွားလာသူ များလည်း လျော့နည်းခဲ့သလို ရထားခရီးစဉ်များလည်း လျှော့ချခဲ့ကြောင်း၊ လက်ရှိကာလတွင်လည်း မြို့ပတ် ရထားတွဲဆိုင်း သုံးခုဖြင့် ခရီးစဉ် ၁၂ ခုကို ပြေးဆွဲရာမှ ၅၇ ခုအထိ တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားခြင်းလည်း ဖြစ်ကြောင်း သိရသည်။

(HK)






အခြားဆက်စပ်သတင်းများ