လွိုင်ကော် ဇန်နဝါရီ ၁၄
ကယားပြည်နယ်အတွင်းရှိ လီဆူးလူမျိုးများနေထိုင်သည့် အိုင်စန့်ကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT) ဖော်ဆောင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ အိုင်စန့်ကျေးရွာ အပါအဝင် ခုတ်လော၊ တနောင်ညွန့် စသည့်ကျေးရွာများတွင်လည်း လီဆူးလူမျိုးများ နေထိုင်ကြပြီး စုစုပေါင်းလူဦးရေ ၄၈၀ ခန့်ရှိသည့်အနက် အိုင်စန့်ကျေးရွာတွင် အိမ်ခြေ ၄၃ အိမ်၊ လူဦးရေ ၁၅၀ ခန့် ရှိကြောင်း၊ ယခင်ကတည်းက နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် အိုင်စန့်ကျေးရွာသို့ လာရောက်ကြကာ လီဆူးလူမျိုးများ၏ နေထိုင်မှုဓလေ့များကို လေ့လာတတ်ကြသဖြင့် ယင်းကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT) ဖော်ဆောင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ CBT ကျေးရွာအဖြစ် ဖော်ဆောင်နိုင်စေရန် ယခုအခါ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ လွိုင်ကော်ခရိုင်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း(ကယားဇုန်)တို့ ပူးပေါင်းပြီး ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်အတွင်းရှိ ပန်ပက်ကျေးရွာ၊ တနီးလာလဲကျေးရွာ၊ ဒေါတမကြီးကျေးရွာနှင့် ထေခို ကျေးရွာစသည့်ကျေးရွာ ၄ ရွာကို CBT ကျေးရွာများအဖြစ် ဖော်ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
ကိုဆောင်း(ဥက္ကလာ)