နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး

ရန်ကုန်၊ ဇန်နဝါရီ ၁၀


လူသားတို့၏  နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေးဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်များ အနက် နေ့စဉ်အဓိကလိုအပ်ချက်မှာ စားရေရိက္ခာ၊ စားရေးလိုအပ်ချက်ဖြစ်သည်။ နေ့စဉ်တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံရေးမှာ အလွန်အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ နီးပါး ပြည်သူပြည်သားများ စားနပ်ရိက္ခာပြည့်စုံစွာ စားသုံးနိုင်ရေးထုတ်လုပ်ပေးနေသည်မှာ တောင်သူလယ်သမားကြီးများ ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံအတွင်း ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများ ကလည်း ပူးပေါင်းပါဝင်လျှက်ရှိသည်။ မိမိတို့နိုင်ငံသည် သဘာဝသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝမှု၊ စိုက်ပျိုးရေးအတွက် သဘာဝမှပေးသည့် ရာသီဥတုအခြေအနေကောင်းများဖြင့် ရိုးသားသော ကြိုးစားသော တောင်သူလယ်သမား၊ အလုပ်သမားအင်အားဖြင့် လက်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးပြောင်းလဲမှုများစွာ ဖြင့် အားကြိုးမာန်တက် စွမ်းဆောင်ခြင်းဖြင့် လူမှုဘဝတိုးတက်စေချင်သည်။

ငါးသည် လူသားတို့အတွက် အလွန်ကောင်းသော အစားအစာတစ်မျိုးဖြစ်သည်။ ဗီတာမင်၊ သတ္တုဓာတ်နှင့် အဆီကြွယ်ဝသော Omega-3 acid ပါဝင်နေသောကြောင့် ကင်ဆာရောဂါမှစ၍ နှလုံးရောဂါ၊ စိတ်ကျရောဂါနှင့် အဆစ်ရောင်ရောဂါတို့ကဲ့သို့သော ရောဂါများစွာမှ ကာကွယ်ပေးနိုင်သည်။ ငါးစားသုံးသည့် မိခင်နို့ကိုစို့သည့် ကလေးငယ်များသည် အမြင်အာရုံ ပိုမိုကောင်းမွန်စေသည်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ငါးစားသုံးပေးခြင်း ဖြင့် လမစေ့ဘဲမွေးဖွားခြင်းကို လျှော့ချပေးသည်။ ငါးကို အပတ်စဉ်တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ပုံမှန်စားသုံး ခြင်းဖြင့် ကလေးဘဝတွင်ဖြစ်ပွားတတ်သည့် ပန်းနာရင်ကျပ်ရောဂါမှ အမျိုးသားများတွင်ဖြစ်ပွားတတ်သည့် မျိုးပွားအင်္ဂါကင်ဆာတို့အထိ အသက်အရွယ်အလိုက် ရောဂါဖြစ်ပွားနှုန်းအမျိုးမျိုးကို လျှော့ချပေးနိုင်ကြောင်း သုတေသီပညာရှင်များက ထုတ်ဖော်ထားသည်။ ကဏန်း၊ ပုစွန်နှင့် ယောက်သွားကဲ့သို့ အခွံမာငါးများသည် ကင်ဆာကာကွယ်သော ဆီလီယမ်ဓာတ်ပစ္စည်းပါဝင်သည်။ ငါးလုပ်ငန်းဦးစီးဌာနသည် ငါးအာဟာရစားသုံးမှု မြှင့်တင်ရေးလုပ်ငန်းများအနေဖြင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်းတွင် ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည်။ အကျိုးကျေးဇူးများပြားလှပြီး ရောဂါအများအပြားကို ကာကွယ် ပေးနိုင်သဖြင့် ငါးကို အပတ်စဉ်တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်စားသုံးသင့်သည်။ 

ယနေ့ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများမှာ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ယင်းအခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ ပြည်တွင်းရှိ အများပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက်လည်းကောင်း သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း ဗဟိုသမဝါယမအသင်း တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး No Profit, No Loss ဟူသော သမဝါယမ မူတစ်ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ရောင်းချရန်အခက်အခဲရှိသည့် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများ အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများနှင့် သမဝါယမအသင်းစုချုပ်များ၊ သမဝါယမ ဦးစီးဌာနရုံးချုပ်၊ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနများသို ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထားသည်။

အာဟာရပြည့်ဝ၍ ရောဂါများဘေးမှကာကွယ်ပေးနိုင်သော ငါးများကို သမဝါယမအသင်းများက သက်ဆိုင်ရာမြို့နယ်များတွင် ဆက်သွယ်ချိတ်ဆက်ရောင်းချပေးလျက်ရှိရာ ခေတ်မီသူတိုင်း ပင်လယ်ငါးကို  စားသုံးကြသည်ဟု ယခင်ကာလများက ဆောင်ပုဒ်ကိုသတိရလျှက် ဝယ်ယူစားသုံးစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ