နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တက္ကသိုလ်ကို အမျိုးသားအဆင့်အမွေအနှစ်စာရင်းဝင်ဖြစ်စေရန် Zoom Meeting ပညာရှင်များဆွေးနွေး

ရန်ကုန်   ဒီဇင်ဘာ    ၃၁


အာရှနိုင်ငံတို့တွင် အစောဆုံးတည်ဆောက်ခဲ့သော တက္ကသိုလ်ပေါင်း ၂၀ စာရင်းတွင်ပါဝင်သော မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ်ကို မူလလက်ရာမပျက်နိုင်ငံတော်အဆင့် "အမျိုးသားအဆင့်အမွေအနှစ်" အဖြစ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဒီဇင်ဘာ ၂၉ ရက်၊ ည ၇ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရှေးဟောင်း သုတေသနအသင်းတွင် Zoom Meeting ဖြင့် ပညာရှင်များစုပေါင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်သက်တမ်းမှာ နှစ်ပေါင်း၁၀၀တိုင်ခဲ့ပြီး ကိုလိုနီခေတ်အဆောက်အအုံလက်ရာများ ယနေ့တိုင်ထိန်းသိမ်းထားဆဲဖြစ်ရာ မြန်မာနိုင်ငံ၏သမိုင်းပုံရိပ်နှင့်အတူ ရှင်သန်လာသော၊ မြန်မာနိုင်ငံတွင် ပထမဆုံးတက္ကသိုလ်ဖြစ်သော ရန်ကုန်တက္ကသိုလ်အား နောင်နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်နိုင်ရန် အမျိုးသားအဆင့်အမွေအနှစ်အဖြစ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။ အစောဆုံးအဆင့်မြင့်ပညာသင်ကြားပေးခဲ့ရာ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းတန်ဖိုး၊ နိုင်ငံရေးတန်ဖိုး၊ ပညာရေးတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတန်ဖိုးတို့ပေါ်ထွန်းရာ နိုင်ငံ၏အမွအနှစ် များစုစည်းရာနေရာဖြစ်သောကြောင့် နိုင်ငံအတွက်တန်ဖိုးဖြတ်၍မရသော အမွေအနှစ်များစုဝေးနေရာလည်းဖြစ်ကြောင်း  သိရသည်။

“ရန်ကုန်တက္ကသိုလ်ကြီးဟာ ဒြပ်ရှိဒြပ်မဲ့အနေနဲ့ရော၊ နိုင်ငံ့သမိုင်းအနေနဲ့ရော တန်ဖိုးကြီးမားတဲ့ အဆောက်အဦဖြစ်တယ်ဆိုတာ ဖော်ထုတ်ပြသဖို့ ဒီနေ့ဆွေးနွေးမှုဟာ အဓိကရည်ရွယ်ချက်ပါ။ ရန်ကုန် တက္ကသိုလ်လို့ကြားလိုက်တာနဲ့ ဂုဏ်ယူဖွယ်ကောင်းတဲ့ပညာတတ်များစွာကို မွေးထုတ်ပေးခဲ့တဲ့နေရာကြီး ပါလား၊ ငါတို့ကိုမွေးထုတ်ခဲ့တာပါလား၊ မျိုးဆက်သစ်တွေလည်း ငါတို့တစ်နေ့ရောက်ရင် ဒီကပညာတွေကို သင်ကြားခွင့်ရမှာပါလားဆိုတဲ့ တက္ကသိုလ်ကြီးရဲတန်ဖိုးကို ဂုဏ်ယူတတ်ဖို့လိုပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲ က အဓိပတိလမ်းဘွဲ့နှင်းသဘင်ခန်းမကြီးနဲ့ သိပ္ပံဆောင်၊ ဝိဇ္ဇာဆောင်သုံးပွင့်ဆိုင်ဟာ အဓိကအချက်အချာ နေရာပါ။ ပြီးတော့ တက္ကသိုလ်စာကြည့်တိုက်ကြီး၊ သူ့အနီးမှာ တက္ကသိုလ်ထက်သက်တမ်းကြာခဲ့တဲ့ သစ်ပုပ်ပင်ကြီး၊ အင်လျားကန်တို့ဟာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ချစ်မြတ်နိုးစရာ၊ ဂုဏ်ယူစရာလေးနက်တဲ့ တန်ဖိုးကြီးရာ ပတ်ဝန်းကျင်ဖြစ်တာကြောင့် အစဉ်တည်တံ့ခိုင်မြဲဖို့ဆောင်ရွက်ရမယ်လို့မြင်ပါတယ်”ဟု ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)က ပြောကြားသည်။

ယနေ့ညပိုင်းတွင်ကျင်းပသည့် ရန်ကုန်တက္ကသိုလ်အမျိုးသားအဆင့် အအမွေအနှစ်စာရင်းဝင်အဖြစ် ဆွေးနွေးပွဲတွင် အမျိုးသားအဆင့်အမွေအနှစ်အဖြစ် ရန်ကုန်တက္ကသိုလ်သည် အဘယ်ကြောင့်ဖြစ်သင့် ကြောင်းကို Zoom Meeting ဖြင့် ဦးစားပေးဆွေးနွေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရှေးဟောင်းသုတေသနအသင်းမှပညာရှင်များ၊ မြန်မာ  နိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၊ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၊ ဦးမင်းကိုနိုင်၊ ဆရာမဒေါ်မိုးမိုးလွင်တို့တက်ရောက်ဆွေးနွေးကြသည်။ “ရန်ကုန်တက္ကသိုလ်ဟာ ဘာကြောင့် အမျိုးသားအဆင့် အမွေအနှစ်ဖြစ်သင့်လဲဆိုတာကို ဆွေးနွေးပါတယ်။ သမိုင်းတန်ဖိုး၊ ဗိသုကာပညာတန်ဖိုးနဲ့ အခြားသောတန်ဖိုးများကို ဆွေးနွေးပါတယ်။ ဆရာကြီးမောင်ခင်မင်ဆိုရင် ၁၉၂၀ ပြည့်နှစ်ကနေ ၁၉၆၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်ရဲ့အစောပိုင်းကာလကိုပြောကြားပြီးတော့ ဦးမင်းကိုနိုင်က ၁၉၈၈  နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းကြောင်း၊ ဆရာမဒေါ်မိုးမိုးလွင်က ရန်ကုန်တက္ကသိုလ်ဟာ အမွေအနှစ်တစ်ခု အဖြစ်ထိန်းသိမ်းကာကွယ်သင့်တဲ့အကြောင်းအရာတွေကို ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံရှေးဟောင်း သုတေသနအသင်းအနေနဲ့ကတော့ အမျိုးသားအမွေအနှစ်ဘာကြောင့်ဖြစ်သင့်သလဲ၊ အကျိုးကျေးဇူးနဲ့ဖြေရှင်း ရမယ့်ပြသနာများကို ဆွေးနွေးကြပါတယ်”ဟု မြန်မာနိုင်ငံရှေးဟောင်းသုတေသနအသင်းဥက္ကဋ္ဌဒေါ်ဥမ္မာမျိုး က ပြောသည်။

ရန်ကုန်တက္ကသိုလ်၏ သမိုင်းမှတ်တမ်းကို မျိုးဆက်သစ်လူငယ်များသိရှိနိုင်ရန်နှင့် တက္ကသိုလ်ပရိဝုဏ် အတွင်းနှင့် ပတ်ဝန်းကျင်ရှိရှေး‌ဟောင်းလက်ရာအဆောက်အဦများ၊ သစ်ပုပ်ပင်ကြီးအပါအဝင် သစ်ပင်မျိုးစိတ် များကို အမျိုးသားအဆင့်အမွေအနှစ်အဖြစ် ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် ည ၇ နာရီမှ ၉ နာရီအထိ ဆွေးနွေးခဲ့ကြောင်း သိရသည်။            

ဓာတ်ပုံ-ကနူး-(၁၁၂)






အခြားဆက်စပ်သတင်းများ