နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသ ရေခဲငါးဈေးကွက် ပြန်လည်လှုပ်ရှားဆောင်ရွက်နေ

ရန်ကုန်၊  မေ  ၇

မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသ ရေခဲငါးဈေးကွက် ပြန်လည်လှုပ်ရှား ဆောင်ရွက်နေပြီဖြစ်ကြောင်း         ဘိုကလေးမြို့နယ် ပင်လယ်ကမ်းခြေဒေသရှိ ပင်လယ်ရေလုပ်ငန်း ပိုင်ရှင်များနှင့် ရေခဲငါးဈေးကွက်လုပ်ငန်း ပိုင်ရှင်များထံမှသိရသည်။
ရေခဲငါးဈေးကွက်ဆိုသည်မှာ ပင်လယ်ရေလုပ်ငန်းများမှ ဖမ်းဆီးရမိလာသည့် ပင်လယ်ငါးများအား ရေခဲရိုက်ကာ ပြည်တွင်း၊ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ငါးဈေးကွက်တစ်ခုဖြစ်သည်။ ထိုသို့ ရေခဲရိုက်ကာ ပြည်တွင်း၊ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချပေးနေသည့် ပင်လယ်ငါးများကို ရေခဲငါးဟု ခေါ်ဆိုနေခြင်းဖြစ်သည်။

မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသတွင်ငါးမုတ်၊ ကသပေါင်း၊ ငါးတန်၊ ပင်လယ်ငါးခူ စသည့် ငါးများကို ရေခဲငါးဟုခေါ်သည်။ အဆိုပါငါးများကို ဝယ်ယူနေသည့် ဒေသတွင်းငါး အဝယ်ဒိုင် များကိုလည်း ရေခဲငါးအဝယ်ဒိုင်၊ ရေခဲငါးဈေးကွက်ဟု ခေါ်ကြသည်။

အဆိုပါရေခဲငါးဈေးကွက်များသည် သင်္ကြန်ပိတ်ရက်နှင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် ဈေးကွက်များ ပိတ်သိမ်းရပ်နားနေခဲ့ရာမှ မေလ ၁ ရက်မှစတင်ကာ ဈေးကွက် ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ကမ်းခြေဒေသ ရေခဲငါးဈေးကွက်များသည်  ဝယ်ယူ ရရှိလာသည့် ရေခဲငါးများကို ရန်ကုန်မြို့၊ ကြည့်မြင့်တိုင်ငါးဈေးကြီးမှတစ်ဆင့် ပြည်တွင်း၊ပြည်ပဈေးကွက်များသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ကမ်းခြေပင်ရင်းဈေးကွက်များအနေနှင့် ဈေး ကွက်ပြန်လည် ဖွင့်လှစ်လုပ်ကိုင် ဆောင်ရွက်နေကြပြီဖြစ်သော်လည်း ပြည်ပပို့ကုန်ဈေးကွက်အခြေအနေနှင့် ပြည်တွင်းဈေးကွက်များသို့ ဖြန့်ဖြူး ရောင်းချပေးနိုင်သည့် အခြေအနေများကို ခန့်မှန်း၍မရနိုင်သေးသဖြင့် ရေခဲငါးဈေးနှုန်းများကို ကိုရိုနာဗိုင်းရပ်စ် ရောဂါ မဖြစ်ပွားမီအချိန်က ဈေးနှုန်းများထက် ရေခဲငါးတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ခန့် ဈေးလျှော့ဝယ်ယူ ပေးနေကြောင်း သိရသည်။

လက်ရှိ မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်၊ ကျုံမငေးမြို့နယ်နှင့် ပုသိမ်မြို့နယ် ပင်လယ်ကမ်းခြေဒေသ ပင်ရင်းရေခဲငါးဈေးကွက်များတွင် ငါးတန်ငါး အကောင်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၄၀ဝ၀ ၊ အကောင်သေးတစ်ပိဿာလျှင် ငွေကျပ် ၁၅၀ဝ ကျပ်၊ ကသပေါင်းငါး အကောင်ကြီးတစ်ပိဿာလျှင် ငွေကျပ် ၇၅၀ဝ ကျပ်၊ အကောင်သေးတစ်ပိဿာလျှင် ငွေကျပ် ၅၅၀ဝ ကျပ်၊ ပင်လယ်ငါးခူငါးများကိုမူ အလေးချိန် နှစ်ပိဿာအထက် အရွယ်အစား ငါးများကိုသာ ဝယ်ယူကာ တစ်ပိဿာလျှင် ငွေကျပ် ၃၀ဝ၀ ကျပ်နှင့် ငါးမုတ်ငါးများကိုမူ အရွယ်အစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၅၀ဝ ကျပ်မှ ၈၀ဝ၀ ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူနေကြောင်း သိရသည်။

ကမ်းခြေဒေသများရှိ ပင်ရင်းရေခဲငါးအဝယ်ဒိုင်များအားလုံးမှာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ငါးဈေးကြီးမှ တစ်ဆင့် ပြည်တွင်း၊ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချပေးနေခြင်းဖြစ်သဖြင့် တစ်မြို့နယ်နှင့်တစ်မြို့နယ်  ဝယ်ယူသည့်ဈေးနှုန်း အနည်းငယ်သာ ကွာဟမှုရှိနေသည်။

“လောလောဆယ်တော့ ကျွန်တော်တို့က ဈေးကွက်စမ်းလုပ်နေရတာ။ ကုန်စည်းစီးဆင်းမှုတွေရပ်နေတော့ လက်ရှိမှာ ပြည်တွင်းဈေးကွက်ရော၊ ပြည်ပဈေးကွက်ရော လိုအပ်ချက်တွေဖြစ်နေမှာ။ ကုန်စည်လမ်းကြောင်း တချို့လည်း ပြန်ပွင့်နေပြီ။ ဝယ်လိုအားနဲ့ ဈေးနှုန်းကို မခန့်မှန်းနိုင်ပေမယ့် စမ်းပြီးပို့ကြည့်ပါလို့ ရန်ကုန်ဒိုင်ကြီး တွေက ပြောတာနဲ့ ကျွန်တော်တို့လည်း စမ်းပြီးဝယ်နေရတာပဲ။ မြတ်မယ်၊ရှုံးမယ် မသိဘူး။ ဒါကြောင့် COVID1-19 မဖြစ်မီအချိန်ကထက် ဈေးနှုန်းလျှော့ဝယ်တယ်။ ကုန်ကလည်း သိပ်မရဘူးဖြစ်နေတယ်”ဟု ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာမှ ရေခဲငါးအဝယ်ဒိုင်လုပ်ငန်းပိုင်ရှင် ကိုစံထွန်းက ပြောသည်။

(ရွှေဒုံသစ္စာ)






အခြားဆက်စပ်သတင်းများ