နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားအုန်းဆီဈေးကျဆင်း

ရန်ကုန်၊   မေ  ၆

၂၀၂၀ ပြည့်နှစ် မတ် ၁၉ ရက်မှ ဧပြီ ၈ ရက်အထိ ရန်ကုန်စားအုန်းဆီဈေးကွက်အတွင်း ဆီထုတ်ယူခွင့် DO စာရွက် လက်ကားတစ်ပိဿာဈေးနှုန်းသည် ယင်းရက်များမတိုင်မီ ၁၅၈၀ ကျပ်နှုန်းရှိရာမှ ၁၈၀၀ ကျပ်နှင့် ၁၈၇၀ ကျပ်နှုန်းအတွင်းသို့ ဈေးမြင့်တက်ခဲ့သော်လည်း မေလ ၅ ရက်တွင်မူ ၁၆၂၀ ကျပ်နှုန်းအထိ ဈေးနှုန်း ပြန်လည်ကျလာသည်ဟု ဆီအသင်း၏ နေ့စဉ်ဈေးနှုန်းထုတ်ပြန်ချက်နှင့် စားအုန်းဆီကုန်သည်အချို့ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင် ပြည်ပ FOB တစ်တန် ဇန်နဝါရီလဆီဈေးနှုန်း FOB တစ်တန် ၇၆၅ ဒေါ်လာ၊ အရင်းဈေး တစ်ပိဿာ ၂၀၅၇ ကျပ် ရှိချိန် DO စာရွက် တစ်ပိဿာ လက်ကားရောင်းဈေး ၂၀၆၅ ကျပ်နှုန်းရှိခဲ့သည်။

ရန်ကုန်ဆီဈေးကွက်တွင် နေ့စဉ် ပြည်ပစားအုန်းဆီဈေးနှုန်းပြောင်းလဲမှုအပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲ သည်ဟု ဆီရောင်းဝယ်သူ ကိုနေလင်းက ပြောသည်။
မတ်လလယ်နောက်ပိုင်းမှစ၍ ရက်အတန်ကြာ ရန်ကုန်ဆီဈေးကွက် ဈေးနှုန်းအမြင့်တွင်ရှိနေသဖြင့် မတ်လလယ်မတိုင်မီ စာရွက်လက်ကားဈေး တစ်ပိဿာ ၁၅၈၀ ဝန်းကျင်ဖြင့် ဝယ်ယူထားသူများ ဆီတစ်ပေပါ လျှင် ကျပ်သုံးသောင်းဝန်းကျင် အမြတ်ရသည်ဟု သိရသည်။

ဆီအသင်း၏ နေ့စဉ် ဆီဈေးနှုန်းအသိပေးချက်များအရ ၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်မှ ဧပြီ ၂၄ ရက် အထိ မတ်လ၊ ဧပြီလ၊ မေလ ပြည်ပ FOB တစ်တန် ပျမ်းမျှ ၆၀၀ ဒေါ်လာဝန်းကျင် အရင်းဈေး တစ်ပိဿာ ၁၅၈၀ ကျပ်ဝန်းကျင်သာရှိသည်ဟု သိရသည်။

ပြည်တွင်းစားသုံးရန် တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန် ၆ သိန်းဝန်းကျင် တင်သွင်းလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်ကာလတွင် ထက်ဝက်ကျော် ထောက်ခံချက် ထုတ်ယူ ထားပြီးဖြစ်ရာ ပြည်တွင်းစားသုံးဆီ ဖူလုံနိုင်ပြီး ဈေးနှုန်းအနေဖြင့် ပုံမှန်ကာလရယူသည့် အကျိုးအမြတ်အတိုင်းဖြင့် ရောင်းဝယ်ေပးရန်သာ လိုအပ်သည်ဟု ဆီဈေးကွက် လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။                                   

(မိုးပွင့်သူ)






အခြားဆက်စပ်သတင်းများ