နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Big Bad Wolf မှ အွန်လိုင်းတွင် ပထမဆုံးအကြိမ် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည်

ရန်ကုန်   ဒီဇင်ဘာ ၁၈

ကမ္ဘာ့အကြီးမားဆုံးစာအုပ်ဈေးပွဲတော်ကြီးဖြစ်သည့် Big Bad Wolf Books မှ ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် အွန်လိုင်းစာအုပ်ဈေးရောင်းပွဲတော်အကြောင်းနှင့် လာမည့်အနာဂတ်အတွက် ယင်းတို့၏ အစီအစဉ်များနှင့်ပတ်သက်၍ အကြောင်းအရာများကို ဒီဇင်ဘာ ၁၇ ရက်တွင် စာနယ်ဇင်းမိတ်ဆက်ခဲ့သည်။

အဆိုပါ စာနယ်ဇင်းမိတ်ဆက်ပွဲတွင် Big Bad Wolf ၏ တည်ထောင်သူများဖြစ်ကြသည့် Andrew Yap၊ Jacqueline Ng တို့နှင့်အတူ Ready to Read Myanmar ၏ Director ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံ တွင်စတင်ကျင်းပခဲ့သည့် Big Bad Wolf ၏ Organizer ဖြစ်သည့် ဦးမျိုးအောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

Big Bad Wolf အွန်လိုင်းစာအုပ်ပွဲတော်ကြီးကို မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ယခုအကြိမ်တွင် ဖော်ပြပါအွန်လိုင်းမှတစ်ဆင့် https://comingsoon.bigbadwolfbooks.com စာအုပ်များကို ဝယ်ယူနိုင်ရန် စီစဉ်ကျင်းပပေးသွားမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၁၂ နာရီမှစတင်ကာ စာအုပ်များကိုစတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး  ဇန်နဝါရီလ ၂  ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ်အချိန်အထိ ဝယ်ယူနိုင်မည်ဖြစ်သည်။ စာပေချစ်သူများအနေဖြင့် မိမိအိမ်တွင်နေကာ အွန်လိုင်းမှ တစ်ဆင့် လုံခြုံဘေးကင်းစွာ စာအုပ်များကို စနစ်အသစ်နှင့်အတူ ဝယ်ယူနိုင်မည်ဖြစ်သည်။ ယင်း Big Bad Wolf အွန်လိုင်းစာအုပ်ရောင်းပွဲတော်တွင် အင်္ဂလိပ်စာအုပ်ပေါင်း သန်း၂၀ ကျော်နှင့် စာအုပ်အမျိုးအစားပေါင်း ၄၀,ဝ၀ဝ ကျော်ကို လက်လီဈေးထက် ၉၀ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့်ရရှိနိုင်မည်ဖြစ်သည်။

ယခုနှစ် Big Bad Wolf အွန်လိုင်းစာအုပ်ရောင်းပွဲတော်ကို နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများဖြစ်သည့် CB Bank ကပါ ပါဝင်အားဖြည့်ထားပြီး ဝယ်ယူသူများက အရောင်းပွဲတော်ကာလအတွင်း CB Bank card များနှင့်ဝယ်ယူပါက ၅ ရာခိုင်နှုန်းလျှော့ဈေးရရှိမည်ဖြစ်ကာ အများဆုံး ၁၀,ဝ၀ဝ ကျပ်အထိ ငွေသားပြန်လည် ရရှိမည်ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် Contactless Payment အတွက် များစွာသောရွေးချယ်မှုများ ရှိသောကြောင့် ပိုမိုလွယ်ကူအဆင်ပြေစေမည်ဖြစ်ပြီး Mobile Banking သို့မဟုတ် အခြားဝန်ဆောင်မှုများ ဖြစ်သည့် 123 service (KBZ၊ CB၊ AYA၊ UAB၊ MAB m/banking)၊ Mobile Wallets (KBZ Pay၊ MPT Money၊ Mytel Pay၊ OK$၊ M-Pitesan၊ MSP၊ CBPay၊ Sai Sai Pay) တို့ဖြင့်လည်း ငွေပေးချေနိုင်မည်ဖြစ်သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအတွက်လည်း အထူးပရိုမိုးရှင်းများကို အသေးစိတ်ချမှတ်ထားပြီး မြန်မာငွေ ၆၀,ဝ၀ဝ ကျပ်နှင့်အထက်ဝယ်ယူပါက Delivery အခမဲ့ပို့ဆောင်ပေးခြင်း၊ White Star Classic Fairy Tales အတွက် တစ်အုပ်ဝယ် တစ်အုပ်လက်ဆောင်၊ Scholastic Interesting Facts အတွက် နှစ်အုပ်ဝယ် တစ်အုပ်လက်ဆောင်နှင့် Magical Deals အတွက် နှစ်အုပ်ဝယ် တစ်အုပ်လက်ဆောင်တို့အပြင် Big Books of Christmas Games တွင်လည်း အထူးပရိုမိုးရှင်းများပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ကျင်းပမည့် အွန်လိုင်းစာအုပ်ဈေးရောင်းပွဲတော်ကို ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ သီရိလင်္ကာ၊ ထိုင်ဝမ်နှင့် အင်ဒိုနီးရှားတို့တွင် ကျင်းပခဲ့သည့်အတိုင်း စီစဉ်ပြုလုပ်ပေးသွားမည်ဖြစ်သည်။

Big Bad Wolf ၏ ပူးတွဲတည်ထောင်သူ Jacqueline က "အရင်ကလို ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်တဲ့ ဈေးပွဲတော်မျိုးကို အတတ်နိုင်ဆုံး ပြန်လည်ကျင်းပနိုင်အောင်ကြိုးစားသွားမှာပါ။ အခုကတော့ အားလုံးရဲ့ လုံခြုံဘေးကင်းမှုအတွက် Delivery နဲ့ပို့ဆောင်ပေးမှာဖြစ်ပြီး အွန်လိုင်းကနေ ငွေပေးချေတဲ့စနစ်တွေကို ကျင့်သုံးသွားမှာပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

“ဒီလို အွန်လိုင်းကနေတစ်ဆင့် စာအုပ်ရောင်းပွဲတော်ကို စီစဉ်ကျင်းပရခြင်းရဲ့ အကြီးမားဆုံးစိန်ခေါ်မှု ကတော့ အားလုံးကို သုံးရတာလွယ်ကူစေပြီး အရင်တုန်းက Big Bad Wolf  စာအုပ်ပွဲတော်မှာ ဈေးဝယ်ထွက် နေသလို ခံစားချက်မျိုးကိုရရှိစေနိုင်မယ့် Platform တစ်ခုကို ဖန်တီးရခြင်းပဲဖြစ်ပါတယ်” ဟု Andrew Yap က ပြောကြားခဲ့သည်။ ယခုနှစ် အွန်လိုင်းစာအုပ်ဈေးရောင်းပွဲတော်တွင် စာပေချစ်သူများအနေဖြင့် များစွာသော စာအုပ်အမျိုးအစားများကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ အရောင်းရဆုံးစာအုပ်များ၊ သိပ္ပံ စိတ်ကူးယဉ်စာအုပ်၊ အချစ်ဝတ္ထု၊ စာပေရေးရာ၊ ကာတွန်း ဂရပ်ဖစ်များ၊ စီးပွားရေးစာအုပ်၊ တက်ကျမ်း၊ ဗိသုကာပညာဆိုင်ရာစာအုပ်၊ ချက်ပြုတ်နည်းစာအုပ်များအပြင် အခြားစာအုပ်ပေါင်းများစွာကို Website တစ်ခုတည်းမှ အဆင်ပြေချောမွေ့စွာရှာဖွေနိုင်ရန် စီစဉ်ထားသည်။ Big Bad Wolf သည် ယင်း၏ အမျိုးအစား စုံလင်လှသော ကလေးစာအုပ်များကြောင့်လည်း လူသိများလျက်ရှိပြီး ယခု ဈေးရောင်းပွဲတော်တွင်လည်း ကလေးငယ်များအနေဖြင့် မိဘများနှင့်အတူ နေအိမ်တွင် လုံခြုံစွာဖတ်ရှုနိုင်ရန်အတွက် ပုံပြင်စာအုပ်များ၊ လှုပ်ရှားမှုစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပုံစာအုပ်များနှင့် Interactive ပြုလုပ် နိုင်သော စာအုပ်များကိုပါ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Big Bad Wolf ၏ Organizer ဖြစ်ပြီး Ready to Read Myanmar ၏ Director ဖြစ်သူ ဦးမျိုးအောင်က “ယခုနှစ် အွန်လိုင်းစာအုပ်အရောင်းပွဲတော်ကို ကျင်းပပြုလုပ်ရတာဟာ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ရာလည်းရောက်ပါတယ်” ဟု  ပြောကြားခဲ့သည်။  

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ