နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူရှိခဲ့

မေ ၅၊ ပါရီ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်က ပါရီမြို့အနီးတွင် အဆုတ်ရောင်ရောဂါလက္ခဏာ တွေ့ရှိခဲ့သည့် လူနာတစ်ဦးမှာ အမှန်တကယ်အားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းဖြစ်ကြောင်း ယင်းကို ကုသပေးခဲ့သည့် ဆရာဝန်က ပြောသည်။ ထိုစဉ်က ရယူခဲ့သည့် တို့ဖတ်နမူနာ(Swab)ကို မကြာသေးမီက စမ်းသပ်ရာတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဟု ဒေါက်တာအီဗက်စ်ကိုဟင်က ပြောသည်။ ယင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့သည့် ဒေသများသို့ ခရီးသွားခဲ့ဖူးခြင်းမရှိ၍ မည်ကဲ့သို့ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း မတွေးနိုင်အောင်ဖြစ်ရသည်ဟု အဆိုပါလူနာက ဆိုသည်။

အသက် ၅၀ ဝန်းကျင်ရှိသည့် အဆိုပါအမျိုးသားမှာ COVID-19  ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်သည်။ ယခုထွက်ပေါ်လာသည့်သတင်းအရ ပြင်သစ်နိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာချိန်မှာ မူလထင်မှတ်ထားသည့်အချိန်ထက် တစ်လစောနေသည်။ ယခုဖြစ်ရပ်မတိုင်မီ ပြင်သစ်နိုင်ငံ၏ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသုံးခုကို ဇန်နဝါရီလ ၂၄ ရက်တွင် စတင်အတည်ပြုနိုင်ခြင်းဖြစ်သည်။ ယင်းတို့သုံးဦးအနက် နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့သည့် ဝူဟန်မြို့သို့သွားရောက်ခဲ့သူများဖြစ်ပြီး ကျန်တစ်ဦးမှာ ယင်းတို့၏မိသားစုဝင်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလများအတွင်း တုပ်ကွေးရောဂါလက္ခဏာဖြင့် ဆေးရုံတက်ခဲ့ရသည့် လူနာများ၏ ဖိုင်တွဲများကို မကြာသေးမီက ပြန်လည်ကြည့်ရှုခဲ့ကြောင်း ပါရီမြို့အနီးရှိ ဆေးရုံနှစ်ခုတွင် အရေးပေါ်ဆေးအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသည့် အီဗက်စ်ကိုဟင်က ပြောသည်။ ယင်းအနေဖြင့် လူနာများ၏ တို့ဖတ်နမူနာ ၁၄ ခုကို စစ်ဆေးခဲ့သည့်အနက် ဓာတ်ခွဲနမူနာတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဟု ယင်းက ဆိုသည်။ ပြင်သစ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၇၀၀၀၀ နီးပါးရှိနေပြီး လူ ၂၅၀၀၀ ကျော် သေဆုံးခဲ့သည်။   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ