နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခန္ဓာသန်စွမ်း စိတ်ရွှင်လန်း

ရန်ကုန်၊ ဒီဇင်ဘာ  ၁၃


နံနက်ပိုင်း ခပ်စောစောတွင် သွားသွားလာလာ လှုပ်လှုပ်ရှားရှားဖြင့် လမ်းလျှောက်သူများ ပေါများလာ၏။ အင်လျားကန်ပေါင်နှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့တွင် လူငယ်လူရွယ်များ၊ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းတို့ ကျန်းမာရေးအတွက် လမ်းလျှောက်နေကြသည်။ ကိုယ်လက်လှုပ်ရှားမှုပြုနေကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်မြို့ရှိ အချို့သောပန်းခြံများကိုပိတ်ထားသော်လည်း အချို့သောပန်းခြံများကို ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားလျက်ရှိသည်။ သက်ဆိုင်ရာတာဝန်ရှိသူများက ပန်းခြံအတွင်းလာရောက်သူများ လူစုလူဝေးမဖြစ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်းများတပ်ဆင်ရန် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။

လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေနိုင်သည်ဟု ကျန်းမာရေးသုတေသီ များက မကြာခဏပြောဆိုလျက်ရှိသည်။ အသက်ရှည်ကျန်းမာခြင်းကို ပိုင်ဆိုင်ထားကြသော အဘိုး၊ အဘွား အများစုသည် ငယ်ရွယ်စဉ်ဘဝမှအစပြုကာ ကျန်းမာရေးကိုလိုက်စားကြသည်။ ကျန်းမာရေးကို လိုက်စားရာတွင် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု (သို့မဟုတ်) လမ်းလျှောက်ခြင်းပြုလုပ်ခြင်းပင် ဖြစ်၏။ လမ်းလျှောက်ခြင်း ကို နေ့စဉ်နာရီဝက်ခန့် လျှောက်သင့်သည်ဟု ပညာရှင်တို့က ဆိုသည်။ လမ်းလျှောက်ခြင်းကြောင့် ကြွက်သား များကို သန်မာအားကောင်းစေသည်။ အရိုး၊ အဆစ်တို့ကို သန်မာစေသည်။ လမ်းများများလျှောက်ခြင်းသည် သက်ရှည်ကျန်းမာစေရန် နည်းလမ်းတစ်ခုပင်ဖြစ်သည်။ နေ့စဉ် ၂ မိုင်ခန့် ခြေလှမ်းပေါင်း ၄၀၀၀ ကျော် လျှောက်သင့်သည်။ 

အချို့အသက်ရှည်သော အဘိုးအဘွားတို့သည် ကျန်းမာရေးအတွက် သီးသန့်လေ့ကျင့်ခန်း မပြုလုပ်ကြသော် လည်း လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကိုယ်လက်လှုပ်ရှားအလုပ်များကို များများလုပ်နေခြင်းကြောင့် ကျန်းမာ သန်စွမ်းကြသည်။ ကိုယ်လက်လှုပ်ရှား၊ လမ်းလျှောက်ခြင်းတို့ဖြင့် ခန္ဓာကိုယ်အဝလွန်မှုကို လျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ဖြစ်ပွားမှုများပြားနေသော သွေးတိုးရောဂါ၊ ဆီးချိုရောဂါကို ထိန်းထားပေးနိုင်စွမ်း ရှိ၏။ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ရာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများက သက်ရှည်ကျန်းမာစေရေးအတွက် အထောက်အပံ့ပင်ဖြစ်သည်ဟု ဆိုချင်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ