နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ကြောင့် လုပ်ငန်းအချို့ပိတ်နေ၍ ပရဟိတအဖွဲ့များ အောက်စီဂျင်ဖြည့်သွင်းရန် အခက်ကြုံ

ရန်ကုန်   မေ    ၄

ယခုအခါ COVID-19 ကြောင့် အောက်စီဂျင်ဖြည့်သွင်းလုပ်ကိုင်သော လုပ်ငန်းများအပါအဝင် လုပ်ငန်း အချို့ပိတ်နေ၍ အောက်စီဂျင်ကူညီလုပ်ဆောင်နေသည့် ပရဟိတအဖွဲ့အစည်းများအတွက် အခက်ကြုံ နေရကြောင်း ရှင်သန်ခြင်း(ကြည့်မြင်တိုင်) အောက်ဆီဂျင်နှင့် လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိန်ထံမှ သိရသည်။
“ကျွန်တော်တို့က အောက်စီဂျင်အခမဲ့လှူဒါန်းတာပါ၊ ပြီးတော့ ပြန်ဖြည့်ရပါတယ်၊ အဲ့ဒီလို ပြန်ထည့်တဲ့နေရာမှာ ဒုက္ခရောက်တယ်၊ အခုကစက်ရုံတွေပိတ်တယ်၊ ဒီလိုအချိန်မှာကပိုဆိုးတယ်၊ ဖြည့်မယ့်အိုးနည်းတဲ့အခါဆိုရင် တချို့စက်ရုံတွေက စက်မလည်ပေးဘူး၊ ဒါဆိုရင် ဒဂုံတောင်အထိသွားထည့် ပေးရတယ်၊ တခြားနေရာတွေကျတော့လည်း ပိုက်ဆံအများကြီးပေးပြီး ထည့်ရမယ့်နေရာဆိုတော့လည်း ကျွန်တော်တို့က မတတ်နိုင်ဘူးလေ”ဟု ယင်းက ရှင်းပြသည်။

ထိုသို့ဖြည့်သွင်းရာတွင် တစ်အိုးလျှင် အနည်းဆုံးငွေကျပ် ၁၀ဝ၀ မှ ၁၅၀ဝ လောက်ရှိပြီး တစ်ရက်လျှင် အိုးအလွတ် အလုံးရေ ၃၀၊ ၄၀ လောက် ဖြည့်သွင်းရလေ့ရှိကြောင်း သိရသည်။ “လူနာအတွက် အောက်စီဂျင် လာပြီးတော့ယူရင် ကျွန်တော်တို့က မှတ်ပုံတင်လေးတော့ခဏယူထားတယ်၊ ပြီးတော့ ကျွန်တော်တို့က အောက်စီဂျင်အိုးရော ပရက်ရှာဂိတ်ရော အကုန်လုံး အစုံလိုက်ပေးလိုက်တယ်၊ ကုန်သွားလို့ရှိရင် အချိန်မရွေး ၂၄ နာရီ ကျွန်တော်တို့ဆီကို ပြန်လာလဲနိုင်ပါတယ်။ အိုးအလွတ်ပေး၊ ကျွန်တော်တို့ အိုးအပြည့်ပြန်ပေးမယ်။ အိုးအလွတ်တွေကို စုပြီးတော့ ကျွန်တော်တို့က ပြန်ပြန်ပြီးဖြည့်ရတယ်၊ အိုးက ကျွန်တော့်ဆီမှာ ၁၅၀၊ ၁၆၀ လောက်ရှိတယ်၊ အိုးလက်ကျန်ဆိုရင် ၄၀ လောက်ပဲရှိတယ်၊ ၁၂၀ လောက်က လူနာတွေလက်ထဲမှာ ၄၀ လောက်နဲ့ လာပို့ပြန်ပေး အဲ့ဒါလေးကို Rotate လှည့်ရတာပေါ့၊ ထပ်ပြီးတော့လည်း တိုးဖို့တော့ စဉ်းစားထား တာပေါ့လေ၊ ဒါကလည်း ရန်ပုံငွေပေါ်မူတည်တာပေါ့”ဟု ယင်းက ဆက်လက်ရှင်းပြသည်။

ထိုအောက်စီဂျင်တစ်အိုးလျှင် လူနာ၏ရှူသွင်းရသော အနေအထားပေါ်မူတည်ကာ ကြာရှည်ခံလေ့ရှိသလို တချို့သော ပြင်းပြင်းထန်ထန်ရှူရသည့်သူများ၊ အဆက်မပြတ်ရှူရသော အခြေအနေမျိုးဖြစ်ပါက အများဆုံး သုံး၊ လေး နာရီလောက်ပဲ အသုံးပြုနိုင်ကြောင်း၊ အချို့မှာတစ်ရက်လျှင် အောက်စီဂျင်အိုး သုံး၊ လေးလုံးလောက် လာရောက်လဲလှယ်မှုများလည်းရှိကြောင်း သိရသည်။                      

(HK)






အခြားဆက်စပ်သတင်းများ