နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်မှု အဆင်ပြေစေရန် ဈေးကားများလိုက်လံရောင်းချ

ရန်ကုန် မေ ၃

နေအိမ်တွင် နေထိုင်ရေးကာလအတွင်း ဗိုလ်တထောင်မြို့နယ်ရှိ ပြည်သူများ စားသောက်မှု အဆင်ပြေစေရန် ဈေးကားများဖြင့် ရပ်ကွက်များသို့ လှည့်လည်ကာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများ လိုက်လံရောင်းချပေးလျက်ရှိကြောင်း ဗိုလ်တထောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

"ဒီလိုရောင်းချပေးတဲ့ အစီအစဉ်ကို ကျွန်မတို့မြို့နယ် Stay at Home အစီအစဉ်မှာ ပါ၀င်ပြီး နောက်ရက်မှာ စဆောင်ရွက်တာပါ၊ အဓိကကတော့ ပြည်သူတွေ အိမ်မှာနေပြီး ဈေးသက်သက်သာသာနဲ့ ၀ယ်ယူစားသောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဈေးနှုန်းကိုလည်း ဈေးထဲမှာ သွား၀ယ်တဲ့ဈေးနှုန်းထက် သက်သာအောင် အမြတ်မတင်ဘဲ ရောင်းချပေးပါတယ်"ဟု ဗိုလ်တထောင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်နီလာအောင်က ပြောသည်။

ယင်းသို့ ရောင်းချမှု အစီအစဉ်ကို ဗိုလ်တထောင်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဦးဆောင်၍ အမှတ်(၄)ရပ်ကွက် (၅၄)လမ်းပရဟိတလူငယ်အဖွဲ့နှင့် ချမ်းမြေဈေးမှ ဈေးသည်များ ပူးပေါင်းပါ၀င် ဆောင်ရွက် ခြင်းဖြစ်ပြီး ရောင်းချမှုအနေဖြင့် အဖွဲ့ သုံးဖွဲ့ခွဲကာ တစ်နေ့လျှင် ရပ်ကွက်လေးရပ်ကွက်သို့ လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

"ကျွန်မတို့က အေ၊ ဘီ၊ စီ ဆိုပြီး အဖွဲ့သုံးဖွဲ့ခွဲလိုက်တယ်၊ တစ်ဖွဲ့ကို တစ်လှည့်စီ တစ်နေ့ ရပ်ကွက်လေးခုကို လိုက်ရောင်းပေးတယ်၊ အေအဖွဲ့က ကားလေးစီး၊ ဘီအဖွဲ့က ကားလေးစီး စီအဖွဲ့က ကားခြောက်စီနဲ့ တစ်ရက်စီလှည့်ရောင်းပေးတယ်၊ ဈေးသည်တွေကိုလည်း စည်းကမ်းတကျရောင်းချဖို့အတွက် ယာယီ ရောင်းချခွင့် ကတ်ပြားလေးတွေ ထုတ်ပေးထားတယ်"ဟု ဒေါ်ခင်နီလာအောင်က ပြောသည်။

ဈေးရောင်းချချိန်ကို နံနက် ၇ နာရီမှ ညနေ ၅ နာရီခွဲအထိ ရပ်ကွက်လေးရပ်ကွက်ရှိ လမ်းများသို့ လှည့်လည်ကာ ရောင်းချပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့် အချိန်တွင် ၀ယ်ယူနိုင်ကြောင်း၊ တစ်နေ့ကုန်နီးပါးရောင်းချပေးလျက်ရှိသော်လည်း လူဦးရေများသည့် လမ်းများတွင် ရောင်းချမှုကြာချိန် အနည်းဆုံး ၄၅ မိနစ်ကြာမြင့်တက်ပြီး အချိန်အတိုင်းအတာကြောင့် အချို့လမ်းများလည်း ကျန်ရှိတက်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ဗိုလ်တထောင်မြို့နယ် အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက "ဈေးကားတွေနဲ့ လာရောင်းပေးတဲ့အတွက် ၀ယ်ယူရတာ အဆင်ပြေပါတယ်၊ ဈေးလည်းသက်သာတယ်၊ ကြက်သားဆို တစ်ပိဿာ လေးထောင်၊ ကြက်ဥတစ်လုံး တစ်ရာ၊ ချဉ်ပေါင်ရွက်တစ်စည်း တစ်ရာ၊ အာလူး၊ ကြက်သွန် တစ်ပိဿာ ငါးရာ ပေးရတယ်၊  သူတို့က ရပ်ကွက်တွေ လှည့်ရောင်းပေးတာဆိုတော့ အချိန်တော့ မမှန်ဘူး၊ မနက်ပိုင်းရောက်တဲ့အခါလည်း ရောက်တယ်၊ ညနေပိုင်းရောက်တဲ့အခါလည်းရောက်တယ်၊ စောင့်ပြီး၀ယ်နိုင်ရင်တော့ အဆင်ပြေပါတယ်၊ ဒီနေ့တော့ အစ်မတို့ဆီကို မရောက်ဘူး၊ မနေ့ကတော့ လာရောင်းတယ်"ဟု ပြောသည်။

ဗိုလ်တထောင်မြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ဈေးနှစ်ဈေးရှိပြီး နေအိမ်တွင် နေထိုင်ရေးကာလအတွင်း ရပ်ကွက်နေပြည်သူများ စားသောက်မှု အဆင်ပြေစေရန် ရည်ရွယ်၍ ဈေးကားများဖြင့် လှည့်လည်ရောင်းချသည့် အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ