နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းရအောင် မစွမ်းဆောင်နိုင်သေးတဲ့ ကွန်တီ

ဒီဇင်ဘာ ၁


ချန်ပီယံလိဂ်အုပ်စု B မှာ ၃ ပွဲ ကစားပြီးအချိန်ထိ ရီးရဲမက်ဒရစ်ရဲ့ နောက်တစ်ဆင့် တက်ရောက်ခွင့် မျှော်လင့်ချက်ဟာ ဝေဝါးနေဆဲဖြစ်သလို၊ အင်တာမီလန်ရဲ့ မျှော်လင့်ချက်ကလဲရှိတယ် ပြောရုံသာ ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ညက ပွဲစဉ် ၄ ကစားအပြီးမှာတော့ Group B ရဲ့ ရပ်တည်မှုတွေဟာ ထင်မှတ် မထားလောက်အောင်ကို ပြောင်းလဲမှုတွေဖြစ်သွားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ် အတွေ့အကြုံ အားအနည်းဆုံးအသင်းဖြစ်ခဲ့တဲ့ မိုချန်ဂလာဘတ် အသင်းဟာ ၂ ပွဲ နိုင်၊ ၂ ပွဲ သရေ ရလဒ် နဲ့အတူ ရမှတ် ၈ မှတ်ရယူပြီး အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပါတယ်။ ထိုနည်းတူစွာပဲ ကနဦး ၂ ပွဲ ကစားအပြီးမှာ ၁ မှတ်သာရခဲ့တဲ့ ချန်ပီယံလိဂ်ဘုရင် ရီးရဲမက်ဒရစ်ကလဲ အင်တာမီလန်ကို အိမ်ကွင်းရော၊ အဝေးကွင်းပါ ဆက်တိုက်အနိုင်ကစားပြခဲ့ကာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေတွေ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်က ယူရိုပါလိဂ်ကိုဆင်းကစားရပြီး၊ ဗိုလ်လုပွဲ တက်ရောက် နိုင်အောင် စွမ်းဆောင်ပြခဲ့တဲ့ ကွန်တီရဲ့ အင်တာမီလန်ကတော့ ဒီနှစ်မှာ အလားတူ စွမ်းဆောင်ရည်မျိုး ထပ်မံပြသနိုင်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ၄ ပွဲ ကစားပြီးချိန်အထိ အုပ်စု နိုင်ပွဲတစ်ပွဲမှ မရသေးပဲ၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးနဲ့ ရမှတ် ၂ မှတ်ရရှိကာ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ တတိယ နေရာက ရှက်တာဒိုင်းနက်က ၄ မှတ် ရယူထားပြီးဖြစ်လို့၊ အင်တာမီလန်အနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ဆိုတာက တော်တော်လေး မှုံဝါးဝါးဖြစ်နေပြီး၊ ယူရိုပါလိဂ်တောင် ဝင်ခွင့်ရဖို့အတွက် မနည်း ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ရီးရဲမက်ဒရစ်ဘက်က အဓိက ကစားသမားကြီး ၂ ယောက်ဖြစ်တဲ့ ရာမို့စ်နဲ့ဘန်ဇီးမားတို့ မပါဝင်နိုင်ခဲ့သည့် တိုင်အောင် အိမ်ကွင်းမှာ အသာစီးရယူနိုင်ခြင်းမရှိဘဲ အရှက်တကွဲနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ရီးရဲအတွက် အဖွင့်ဂိုးကို နာချို ကြောင့် ရခဲ့တဲ့ ပင်နယ်တီကနေတစ်ဆင့် အီဒင်ဟာဇက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်  အင်တာမီလန် ကွင်းလယ်လူ ဗီဒယ်ဟာ ပင်နယ်တီသတ်မှတ်ပေးခြင်းမရှိတာနဲ့ ပတ်သက်ပြီး ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာကြောင့် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။ ဒုတိယပိုင်းမှာ နောက်ထပ် တစ်ဂိုးထပ်ပြီးပေးလိုက်ရတာကြောင့် ချန်ပီယံလိဂ်နောက်တစ်ဆင့် တက်ရောက်ဖို့ မျှော်လင့်ချက်တွေဟာ တော်တော်ကြီးကို ဆိုးရွားသွားခဲ့ပါတယ်။ ကွန်တီဟာ သူ့ရဲ့နည်းပြဘဝမှာ ချန်ပီယံ လိဂ် ရလဒ်ကောင်းရအောင် စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ အစဉ်အလာကို ဒီရာသီမှာလဲ ချေဖျက်ပြဖို့မလွယ်ကူတော့ပါဘူး။   (SO)






အခြားဆက်စပ်သတင်းများ