နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖယ်ခုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖယ်ခုံ နိုဝင်ဘာ ၂၉

 နိုဝင်ဘာလ ၂၈ ရက်၊ ည ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်၊ ကွမ်လုံကျေးရွာနှင့် ခေါင်းမိုင်းကျေးရွာကြား၊ ဖယ်ခုံ-မိုးဗြဲသွားကားလမ်းတွင် TOYOTA MARK II အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်း (စိစစ်ဆဲ)မှာ လမ်းဘေး လျှိုအတွင်းသို့ ထွက်ပြေးသွားသောကြောင့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် ဘိန်းစိမ်း ၂၂၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယာဉ်မောင်း(စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(အောက်)ကျေးရွာအနီးတွင် အားရဲ(ခ)အားမြာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်လက်ကိုင်တွင် ချိတ်ဆွဲထားသည့် ပလတ်စတစ်အိတ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၄၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၁၂၄၅ အချိန် ဖတ်ဟိ(အောက်)ကျေးရွာရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ် အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အားရဲ(ခ)အားမြာ(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ