နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ကျင်းပဖြစ်မည်မဟုတ်

မင်းဘူး   နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိ စေရေးအတွက် ကျင်းပဖြစ်မည်မဟုတ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားပွဲတော်ကျင်းပသည့်နှစ်များတွင် ပွဲတော်မစတင်မီ မန်းချောင်းရေလမ်းကြောင်းလွှဲခြင်း၊ မန်းချောင်းတံတားများ ဆောက်လုပ်ခြင်း၊ ဆိုင်ခန်းနေရာနှင့် တည်းခိုဆောင်နေရာများ ဆောက်လုပ်ခြင်းများ ကို နိုဝင်ဘာလ(တန်ဆောင်မုန်းလ)ထဲတွင် ပြင်ဆင်ဆောင်ရွက်ကြကြောင်း၊ မန်းရွှေစက်တော်ဘုရားပွဲတော် ကို ယခင်နှစ် ပွဲတော်ကျင်းပဆဲအချိန်၌ပင် COVID-19 ရောဂါကြောင့် ပိတ်သိမ်းခဲ့ရကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲ များကိုလည်း ရှေးအစဉ်အလာရိုးရာမပျက်ပြုလုပ်ရကြောင်း သိရသည်။

“ခြေတော်ရာဖွင့်လှစ်တာကတော့ ဒေသရဲ့ဓလေ့ထုံတမ်းအစဉ်အလာအရ ဖွင့်လှစ်ပေးရတဲ့ ဓလေ့ရှိတဲ့အတွက် နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှာ မန်းရွှေစက်တော်ဘုရား ဩဝါဒဆရာတော်ကြီးများက အထက်စက်တော်ရာ ခြေတော်ရာသံတံခါးနဲ့ အောက်ခြေတော်ရာ ဖန်အုပ်စောင်းကြီးကို အကျဉ်းချုံးပြီး ဖွင့်လှစ်သွားမှာပါ။ ဘုရားဖူးမျှော်ခွင့်ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ကြေညာ ချက်အပေါ်မူတည်ပြီး ဘုရားဖူးခွင့်ပြု/မပြု သိရမှာပါ။ မန်းရွှေစက်တော်ဘုရားကြီးက မြန်မာနိုင်ငံရဲ့ (က) စာရင်းဝင် ဘုရားကြီးဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ပိတ်ထားတယ်။ လုံခြုံရေးအနေနဲ့က ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေ့နဲ့ ဘုရားဝန်ထမ်းတွေက လှေတင်တံတားထိပ်ကနေ နေ့စဉ်အလှည့်ကြ တာဝန် ယူဆောင်ရွက်နေပါတယ်”ဟု မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာ နိုင်ငံအတွင်း မြတ်စွာဘုရားရှင် ကြွရောက်တော်မူသည့် ထူးကဲလှသည့် သမိုင်းဝင်ဘုရားဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများ နှစ်စဉ်စည်ကားများပြားစွာ လာရောက်ဖူးမြော်ကြကြောင်း ဒေသခံများထံမှ သိရသည်။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ