နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဖရဲသီးများကို UAE နှင့် ကာတာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသသို့ လာမည့်ဒီဇင်ဘာလမှစ၍ တင်ပို့သွားမည်

ရန်ကုန်၊  နိုဝင်ဘာ  ၂၉


မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဖရဲသီးများကို အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နှင့် ကာတာနိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းဒေသသို့ လာမည့်ဒီဇင်ဘာလမှစ၍ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး၊ထုတ်လုပ်၊ တင်ပို့၊ရောင်းချသူများအသင်းမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့သာ အဓိကထား တင်ပို့ရောင်းချနေရသော မြန်မာနိုင်ငံမှ ဖရဲသီးများကို အာရပ် စော်ဘွားများပြည်ထောင်စု(UAE)နှင့် ကာတာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့ တင်ပို့ ရောင်းချကာ ဈေးကွက်တိုးချဲ့သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"လာမယ့် ဒီဇင်ဘာလ၊ ပထမပတ်ထဲမှာ စပြီးတင်ပို့မယ်။ ကျွန်တော်တို့ ဒူဘိုင်းကို စပြီးတင်ပို့မယ်။ ပြီးတော့ ကာတာနိုင်ငံကို တင်ပို့မယ်။ ဆက်ပြီးတော့လည်း အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေကို ဈေးကွက်တိုးချဲ့ သွားဖို့ စီစဉ်ထားတယ်။ တရုတ်တစ်နိုင်ငံတည်းကို တင်ပို့နေတာထက်စာရင် နိုင်ငံတွေ ပိုများလာတော့ ပိုအဆင် ပြေနိုင်တာပေါ့" ဟု ယင်းကပြောသည်။

ရှေးဦးစွာ ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော အစေ့လွတ်ဖရဲမျိုးများကို အရင်ဆုံးတင်ပို့မည်ဖြစ်ပြီး ယခုတင်ပို့ရန် စီစဉ်ထားသော နိုင်ငံများသည် တင်းကျပ်သော ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများလည်း မရှိသဖြင့် ပြည်တွင်းမှ ဖရဲ၊သခွားမွှေး စိုက်ပျိုးသူများနှင့် ကုန်သည်များအတွက် အားထားရသော ဈေးကွက်များ ဖြစ်လာနိုင်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း၌ ဖရဲအရည်အသွေးကောင်းများ စိုက်ပျိုးထွက်ရှိစေရန် စိုက်ပျိုးရေးပညာရှင်များက ဖရဲစိုက်တောင်သူများကို စိုက်ပျိုးနည်းပညာများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ဖရဲအရည်အသွေးကောင်းများ စိုက်ပျိုးထွက်ရှိပြီး နိုင်ငံတကာဈေးကွက်သစ်များသို့ တိုးချဲ့တင်ပို့နိုင်ပါက တောင်သူများအတွက် ပိုမို အကျိုးဖြစ်ထွန်းလာနိုင်ကြောင်း ဖရဲစိုက်တောင်သူများက ပြောသည်။ ပြည်တွင်း၌ ဖရဲစိုက်ပျိုးခြင်းလုပ်ငန်းများကို ကယားပြည်နယ်နှင့် ချင်းပြည်နယ်မှအပ မြန်မာပြည်အနှံ့တွင် တောင်သူများက ဦးစားပေးအသက်မွေး ဝမ်းကျောင်း လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ကာ စိုက်ပျိုးတင်ပို့ရောင်းချလေ့ရှိကြောင်းနှင့် ဖရဲပင်များကို ရေမဝပ်သော နေရာဒေသများတွင် ရေသွင်းရေထုတ် စနစ်တကျမှန်ကန်စွာ လုပ်ဆောင်ပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ