နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ပိုင်တစ်နိုင် ခြံစိုက်ပျိုးရေးလုပ်ငန်းအဖြစ် မာလကာပင်အပါအဝင် အခြားအပင်များ စိုက်ပျိုးလုပ်ကိုင်ခြင်းကြောင့် မိသားစု အပိုဝင်ငွေရရှိပြီး အဆင်ပြေ

ပခုက္ကူ  နိုဝင်ဘာ  ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးအုပ်စု၊ ကျတ်တန်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်းအဖြစ် မာလကာပင်အပါအဝင် အခြားစီးပွားဖြစ်အပင်များ စိုက်ပျိုးလုပ်ကိုင်ခြင်းကြောင့် နှစ်စဉ်မိသားစုအပိုဝင်ငွေ ရရှိ ပြီးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ကတော့  ခြံအကျယ်ကတော့ သုံးဧကစိုက်ပျိုးထားပြီး မာလကာ၊ အာဆီယံသပြေ၊ ကိုးရီးယား သပြေ၊ သရက်သီး၊ ပိန္နဲသီး၊ ကျွဲကောသီး၊ ကမွန်းပင်၊ လိုက်ချီးသီး၊ စံပယ်ပန်း၊ ဂွေးချိုသီး၊ ဆယ့်နှစ်ရာသီ ကံ့ကော်ပင်  စတာတွေ စိုက်ပျိုးပါတယ် ခင်ဗျ၊  စိုက်ခင်းလုပ်လာတာ နှစ် ၂၀ လောက်ရှိပြီး နှင်းဆီပင်ကိုပဲ စတင်စိုက်ပျိုးခဲ့တာပါ၊ နောက်ပိုင်း အသက် ကြီးလာပြီး မလုပ်နိုင် တော့လို့ နှစ်စဉ်ပင်တွေဖြစ်တဲ့ မာလကာပင်နှင့် သပြေပန်းတို့ကို ဦးစားပေးစိုက်တာပါ ခင်ဗျား၊ ခြံထဲမှာ မာလကာပင်ကိုတော့   နှစ်ဧကလောက် အဓိကထား စိုက်ပျိုးထားပါတယ်၊ မာလကာပင်ကတော့ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကောင်းဆုံးပေါ့ဗျာ၊ ကျန်တဲ့ဧကမှာ  အခြားသီးနှံတွေကို မျှပြီးစိုက်ပျိုးထားပါတယ်ဗျ၊ မာလကာသီးဆိုရင် ပခုက္ကူ မြို့ပေါ်ကနေ ပုံမှန်ဖောက်သည် တွေလာကြပါတယ်၊ မာလကာသီးဆိုရင် ဖောက်သည်ပဲဖြစ်ဖြစ်၊ အခြားအဝယ်ပဲဖြစ်ဖြစ် လေးလုံးတစ်ထောင်၊ အချိန်နှင့်ဆိုရင် တစ်ပိဿာတစ်ထောင်စီပဲ ရောင်းပါတယ်ခင်ဗျာ၊ မာလကာကတော့ တစ်နှစ်ကို နှစ်ရာသီကောင်းကောင်းသီးပါတယ်ခင်ဗျာ၊ ဆောင်းတွင်း(ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ)လတွေ ဆိုရင်တော့ အသီးနည်းပေမယ့် အလုံးကြီးပြီး အလုံးလှတယ်၊ အရသာလည်း ပိုရှိတယ်လို့ ဈေးကွေက်အကောင်း ဆုံးအချိန်ဖြစ်တယ်၊  နွေသီးဆိုရင်တော့ အသီးများပြီး ဈေးကွက်သိပ်မကောင်းဘူးဗျာ၊ သပြေပန်းကတော့ အိမ်မှာသိပ်မရောင်းရတော့  လက်စည်းစည်းပြီး မြို့ဈေးကို ဖောက်သည်ဈေးရောင်းရပါတယ်၊ ဂွေးချိုသီးကိုတော့ တစ်ပိဿာငါးရာနှုန်းနဲ့ အိမ်တိုင်ရာရောက် လာဝယ်ကြတာကြောင့် ဈေးသွားရောင်း စရာမလိုဘူးပေါ့ဗျာ၊ ကံ့ကော်ပင်ကိုတော့ တစ်ကိုင်းကို ၁၅၀ ကျပ်ကနေ နှစ်ရာကျပ် အထိ ရောင်းရပြီး ကမွန်းပင်ကိုတော့ ညနေတိုင်း တစ်ရက်ခြား(သို့) နှစ်ရက်ခြားအပင်လေးတွေကိုကိုက်၊ လက်စည်းစည်း ပြီးတော့ နောက်တစ်နေ့ ပခုက္ကူဈေးကွက်ထဲကို ရောင်းရပါတယ်၊ မာလကာပင်သက်တမ်းဟာ ၁၀ နှစ်လောက်ပဲ ကြာပါတယ်၊ ၁၀ နှစ်ပြည့်သွားရင် အပင်အိုပြီးသေသွားလို့ အစားထိုးပြန်စိုက်ပေးရပါတယ်၊ မာလကာပင်နှင့် ကျွဲကောပင်ကိုတော့ မိမိအားနဲ့ မျိုးကူး၊ကိုင်းကူးစိုက်ထားတာပါ၊ ဒါပေမယ့်ကမွန်းရွက်၊သပြေ ပန်းတွေကိုတော့ အလုပ်သမားငှား၊ လုပ်အားခပေးပြီး စိုက်ရပါတယ်ခင်ဗျာ”ဟု ပခုက္ကူမြို့နယ် ကျွန်းညိုကြီးအုပ်စု၊ ကျတ်တန်းကုန်းကျေးရွာမှ ခြံစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ဦးဟန်ဌေးက ပြောသည်။

ဆလိုင်းကိုကီး






အခြားဆက်စပ်သတင်းများ