နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်မှသာ အခြေခံပညာ ကျောင်းများ ပုံမှန်အတိုင်း ပြန်ဖွင့်မည်

ရန်ကုန်၊  မေ  ၂

လာမည့်ဇွန်လတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သောရာသီအချိန်ကာလသို့ ရောက်ရှိ လာသော်လည်း ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် နိုင်မှသာ ပုံမှန်အတိုင်းပြန်ဖွင့်ရန် စီစဉ်ထားကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ယခုအခါ နိုင်ငံတော်မှနေ၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ကန့်သတ်ချက်များကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီးပြည်သူများကိုလည်း တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြရန် ညွှန်ကြားထားသလို အခြေခံပညာကျောင်းများ အပါအဝင် အစိုးရရုံးဌာန များတွင် လုပ်ငန်းများအပြည့်အဝ ပြည်လည်မလည်ပတ်နိုင်သေးကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင်လည်း အချို့သောအတန်းများ၏ စာမေးပွဲအဖြေလွှာများကို စစ်ဆေးခြင်းများ မပြီးသေးသလို အောင်စာရင်းထုတ်ပြန်ခြင်း၊ ဆရာ၊ဆရာမများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်ရန်လည်း ကျန်ရှိနေသေးကြောင်း သိရသည်။

သို့ရာတွင် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ပါက လာမည့်ဇွန်လဆန်းတွင် အခြေခံပညာကျောင်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်စေရန် တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သော အခါတွင်လည်း ကျောင်းသား၊ ကျောင်းသူများအား တစ်စုတစ်ဝေးတည်း လူအများကြီး ဖြစ်မနေစေရန် အသုတ်များခွဲပြီး သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများကိုလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။   

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ