နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါမစ်အတု၊ ဂရန်အတုများနှင့် အိမ်ခြံမြေ ရောင်းချနေမှုများရှိလာသဖြင့် သေချာစွာစုံစမ်းပြီးမှ အရောင်းအဝယ် ပြုလုပ်သင့်

ရန်ကုန် နိုဝင်ဘာ ၂၀

ပြည်တွင်းရှိ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အိမ်ခြံမြေရောင်းဝယ်ရာ၌ ပါမစ်အတု၊ ဂရန်အတုများ အသုံးပြုကာ လိမ်လည်ရောင်းချမှုများရှိလာသဖြင့် သေချာစွာစုံစမ်းပြီးမှ အရောင်းအဝယ် ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနောက်ပိုင်း အိမ်ခြံမြေများ လိမ်လည်ရောင်းချရာတွင် အသုံးပြုသော ပါမစ်အတု၊ ဂရန်အတုများသည် အစစ်နှင့်ခွဲခြားမရအောင် ပုံတူပြုလုပ်ထားခြင်းကြောင့် အိမ်ခြံမြေဝယ်လိုသူများအနေနှင့် ဂရုတစိုက် ကြည့်ရှု လေ့လာစုံစမ်းပြီးမှ ၀ယ်ယူသင့်ကြောင်း၊ အဆိုပါ အိမ်ဂရန်များ၊ ပါမစ်များသည် သက်ဆိုင်ရာ မြို့နယ် များရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများတွင် သွားရောက်စုံစမ်း စစ်ဆေးမှသာ အတုအစစ် ကွဲပြားသိရှိနိုင်ကြောင်း သိရသည်။

ထိုသို့ စာရွက်စာတမ်းအတုများဖြင့် ရောင်းချရာတွင် အိမ်ဂရန်များ၊ ပါမစ်များကို အစစ်နှင့်ခွဲခြားမရအောင် ပုံတူပြုလုပ်၍ လိမ်လည်ရောင်းချသူများရှိသလို ပါမစ်များ၊ ဂရန်များကို ပျောက်ဆုံးသွားသည်ဟု အကြောင်းပြ ကာ အသစ်ပြန်လည် လျှောက်ထားပြီးနောက် ဂရန်နှစ်ခုဖြင့် ၀ယ်သူနှစ်ဦးကို တစ်ပြိုင်နက်တည်း ရောင်းချ၍ လိမ်လည်သူများလည်းရှိသည်။

ပါမစ်အတု၊ ဂရန်အတုများဖြင့် အိမ်ခြံမြေများ လိမ်လည်ရောင်းချသူများသည် အများအားဖြင့် အုပ်စုဖွဲ့ ကာ လိမ်လည်နေကြခြင်းဖြစ်ပြီး ထိုသို့ လိမ်လည်ရောင်းချနေမှုများကို သက်ဆိုင်ရာအနေဖြင့် တိုင်ကြားသူ ရှိမှသာ အရေးယူဆောင်ရွက်ပေးပြီး ယခုလက်ရှိတွင် သီးသန့်စုံစမ်းဖော်ထုတ်သည့်အဖွဲ့ ဖွဲ့စည်းကာ လိုက်လံ အရေးယူခြင်းများ မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

အိမ်ခြံမြေများ ၀ယ်ယူကြသောအခါ သတ်မှတ်ထားသည့် အဆင့်အလိုက် စစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်သော်လည်း ၀ယ်ယူသူအများစုသည် ယင်းကဲ့သို့ စနစ်တကျစစ်ဆေးမှုများ မပြုလုပ်ကြခြင်းကြောင့် အလိမ်ခံရသောပြဿနာများ ကြုံတွေ့ရခြင်းဖြစ်ကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက နားလည်တတ်ကျွမ်းသူများ အကူအညီဖြင့် သက်ဆိုင်ရာသို့ ချက်ချင်းတိုင်ကြားသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ပြောသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ